ထင်ပေါ်ဝင်း၊ ဓာတ်ပုံ - အာကာစိုး
လူဦးရေသန်းနှင့် ချီနေထိုင်လျက်ရှိတဲ့ ရန်ကုန်မြို့တော်ကြီးမှ တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်သွားလာရေးအတွက် လက်ရှိမှာ မော်တော်ယာဉ်များကိုသာ အားကိုးအားထား ပြုနေရပါတယ်။ အသစ်ထပ်မံဖြည့်တင်းခဲ့တဲ့ မော်တော်ယာဉ်သစ်များကြောင့် ရန်ကုန်မြို့တော်သူ မြို့တော်သားများရဲ့ သွားလာရေးဟာ အထိုက်အလျောက် အဆင်ပြေချောမွေခဲ့ပြီလို့ ပြောလို့ရပါတယ်။ သို့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုများနဲ့ မော်တော်ယာဉ်ပေါ်မှာ အချိန်ကြာမြင့်စွာ စီးနင်းလိုက်ပါရခြင်းဟာ မြို့တော်သူမြို့တော်သားများအတွက် အချိန်ကို အလဟဿ ဖြုန်းတီးပစ်နေရသလို ဖြစ်နေပါတယ်။ လူတစ်ယောက်ရဲ့ ပြည့်ဝတဲ့ ကိုယ်စွမ်းအား၊ စိတ်စွမ်းအားများကို အချိန်နှင့်တစ်ပြေးညီ အသုံးမချနိုင်ဘဲ လမ်းမကြီးများပေါ်မှာ တန်ဖိုးရှိတဲ့စွမ်းအင်များ ကုန်ဆုံးနေရပါတယ်။ ဒါတွေကို အချိန်မီကုစားနိုင်မှသာ မဆုံးရှုံးသင့်တဲ့ ကာယ၊ ဉာဏစွမ်းအားများကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများဟာ ရန်ကုန်မြို့တော်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍကို အခန်းသစ်ဖွင့်လှစ်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ မော်တော်ယာဉ်အသုံးပြုရာ ကားလမ်းတစ်ခုတည်း သာမကဘဲ ရန်ကုန်မြို့ပတ် ရထားလမ်းနဲ့ ရေကြောင်းကဏ္ဍကိုပါ တိုးချဲ့နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ ကမ္ဘာ့ဖွံ့ဖြိုးမှုနဲ့အညီ ရင်ပေါင်တန်းမလိုက်နိုင်ခဲ့တဲ့ ရန်ကုန်မြို့မှာ ရန်ကုန်မြို့ပတ်ရထားလမ်းဟာ အသွားအပြန် နှစ်လမ်းသာ ရှိနေခဲ့ပါတယ်။ မြို့တွင်းကုန်ပစ္စည်းများ တစ်နေရာမှာတစ်နေရာကို သယ်ယူပို့ဆောင်ရာမှာ ဖြစ်စေ၊ ဘူတာရုံများနှင့် အနီးတစ်ဝိုက်မှာ နေထိုင်သူများ သွားလာရာမှာဖြစ်စေ ရန်ကုန်မြို့ပတ်ရထားများကို အများဆုံးအသုံးပြုပါတယ်။ ခေတ်စနစ်တစ်ခု နောက်ကျကျန်နေမှုနဲ့အတူ ရန်ကုန်မြို့ပတ်ရထားများရဲ့ စွမ်းဆောင်ရည်ဟာလည်း နိုင်ငံတကာအဆင့်မီ မနေခဲ့ပါဘူး။ လူရာပေါင်းများစွာကို တစ်နေရာနဲ့တစ်နေရာ အချိန်တိုအတွင်းမှာ သယ်ယူပို့ဆောင်ပေးနိုင်သော အမြန်ရထားများ၏ အရေးပါမှုကို သိရှိလာပြီးတဲ့အခါမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းများဟာ ရထားလမ်း အဆင့်မြှင့်တင်မှုများကို စတင်ပြုလုပ်ပါတော့တယ်။
မြို့ပတ်ရထားလမ်းအဆင့်မြှင့်တင်မှု
မြို့တော်ရန်ကုန်ရဲ့ အရှိန်ရစပြုနေတဲ့ မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုဟာ အခုဆိုရင် ရထားလမ်း အချက်ပြစနစ်များ၊ မီးပွိုင့်များ အဆင့်မြှင့်တင်ဖို့ စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ အဲဒီလို စတင်ဆောင်ရွက်ဖို့အတွက် လုပ်ငန်းစတင်ခြင်းဆိုင်ရာ အခမ်းအနားတစ်ခုကို မေ ၁၈ ရက်က ရန်ကုန်ဘူတာကြီး ရပ်ဝန်းမှာ ပြုလုပ်ခဲ့ပါတယ်။ တာဝန်ရှိသူအသီးသီးရဲ့ အမှာစကားများ၊ ကျေးဇူးတင်စကားများနဲ့အတူ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်း ရန်ကုန်မြို့နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
အားလုံးချိတ်ဆက်နိုင်ဖို့ကြိုးပမ်း
“ကျွန်တော်တို့ ရန်ကုန်မြို့ကို အဓိကပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့အထဲမှာ လမ်းပန်းဆက်သွယ်ရေးဟာ အဓိကကျတဲ့ နံပါတ် ၁ ကိစ္စ ဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ ကျေးလက်ဒေသတွေ အားလုံးကို ချိတ်ဆက်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒီကြိုးပမ်းဆောင်ရွက်မှုတွေထဲမှာ ကားလမ်းကို ပြုပြင်ခဲ့တယ်။ အခု ရထားလမ်းတွေထဲမှာ ရန်ကုန်မြို့ပတ်ရထားလမ်းကြီးကို အဆင့်မြှင့်တင်မှု စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး လစဉ်တိုးတက်တဲ့ အခြေအနေတွေအားလုံးကို မြန်မာ့မီးရထားကနေ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်ရိုက်သတင်းပို့ပြီး တိုးတက်မှု ဖြစ်စဉ်တွေကို လတိုင်းလတိုင်းမှာ ပြီးမြောက်တဲ့ အခြေအနေတွေကို တင်ပြပြီး အချိန်နဲ့တစ်ပြေးညီ ပြီးမြောက်ဖို့အတွက်လည်း မြန်မာ့မီးရထား ဘက်က ကြပ်မတ်ဆောင်ရွက်နေမှုအပေါ်မှာလည်း ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်။
ဘူတာရုံတွေအားလုံးကို အဆင့်မြှင့်
“ကျေးလက်နဲ့မြို့ပြကို ချိတ်ဆက်တဲ့နေရာမှာ ကားလမ်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပါတယ်။ ဒီအထဲမှာ နောက်ထပ်တစ်ခုကတော့ မြို့ပတ် ရထားလမ်းနဲ့ မြို့နယ်တွေအားလုံးကို ချိတ်ဆက် ဖို့ပဲဖြစ်ပါတယ်။ ယခင်ကရှိနေတဲ့ မြို့ပတ်ရထားလမ်းဟာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ရန်ကုန်မြို့မှာ ခရီးသွား ၂ ဒသမ ၅ သန်းလောက်ရှိနေတဲ့ အခြေအနေမှာ မြို့ပတ် ရထားကို စီးတဲ့ဦးရေ အရေအတွက်ဟာ ငါးသောင်းကျော် ခြောက်သောင်းလောက်ပဲ ရှိနေတာ ဖြစ်ပါတယ်။ အများဆုံးစီးတဲ့ ကာလအချိန်မှာ ရှစ်သောင်းကျော်လောက်ပဲ ရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ဟာ ရထားကိုပိုပြီး အဆင့်မြှင့်တင်နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက် တာပဲဖြစ်ပါတယ်။ ဒီသယ်ယူပို့ဆောင်ရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီလိုမျှော်လင့်တဲ့အတွက်ကြောင့် မြို့ပတ်ရထားနဲ့ ဆက်စပ်နေတဲ့ ဘူတာရုံတွေ အားလုံးကို အဆင့်မြှင့်နိုင်ဖို့အတွက် ဂျိုက်ကာလို ပြည်ပအဖွဲ့အစည်းတွေနဲ့ကော၊ မြန်မာ့မီးရထားနဲ့ကော တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ပါ ပူးပေါင်းညှိနှိုင်းဆောင်ရွက် နေတာတွေရှိပါတယ်။ ဒီဆောင်ရွက်တဲ့နေရာမှာလည်း ဘူတာရုံသက်သက် မဟုတ်ဘဲနဲ့ ဒီဘူတာ ရုံတွေဟာ သယ်ယူပို့ဆောင်ရေးအတွက် ဖွံ့ဖြိုးလာရုံသာမက နေချင်စဖွယ်နေရာတွေ ဖြစ်လာဖို့အတွက် မြို့ ပြအိမ်ရာစီမံကိန်းတွေနဲ့ပေါင်းစပ် နိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။
ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားစေနိုင်
ဒါကြောင့်မို့ မြို့ပတ်ရထားလမ်းကြီးကို ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့အတွက် ကြိုးစားနေသလို မြို့ပတ်ရထားလမ်းနဲ့ ကားလမ်းတွေနဲ့ ချိတ်ဆက်တဲ့နေရာတွေမှာ ရှိနေတဲ့ မီးပွိုင့်စနစ်တွေကိုလည်း ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ ကားလမ်းမှာ ရှိနေတဲ့မီးပွိုင့်တွေနဲ့ မီးရထားမီးပွိုင့်တွေကိုပါ စနစ်တကျချိတ်ဆက်ပြီး ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကိုပါ လျော့နည်းသွားစေနိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။
စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်
ဒီဆောင်ရွက်မှုဟာ ရန်ကုန်မြို့နေ ပြည်သူတွေရဲ့ လူနေမှုဘဝကို များစွာအထောက်အကူ ဖြစ်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြို့ပတ်ရထားလမ်း ပိုမိုအဆင့်မြင့်လာနိုင်ပြီး မြို့ပတ်ရထားလမ်း ကနေတစ်ဆင့် ကျွန်တော်တို့ ပြည်သူတွေအားလုံးဟာ ရထား၊ ကား၊ ရေကြောင်းလမ်းတွေကို စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အရေးကြီးတဲ့ဆုံချက်တစ်ခုဖြစ်ဖို့ဆောင်ရွက်နေ
အခုဆိုရင် ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်မယ့် ရန်ကုန်မြို့ရဲ့ အဓိကဆုံချက် ဘူတာရုံဟာ ပုဇွန်တောင်ဘူတာ ဖြစ်ပါတယ်။ ဒီပုဇွန်တောင်ဘူတာဟာ ရထားလမ်း၊ ကားလမ်း၊ ရေလမ်းဆုံရာနေရာဖြစ်ပါတယ်။ ပုဇွန်တောင် ဘူတာဟာ ကျွန်တော်တို့အတွက် အဓိကအချက် အချာကျတဲ့နေရာဖြစ်ပါတယ်။ တစ်ဖက်မှာ ရထားလမ်းရှိတယ်။ ကားလမ်းရှိတယ်။ ကားလမ်းနဲ့ မနီးမဝေးမှာ ငမိုးရိပ်ချောင်းဖြစ်ပါတယ်။ ဒါကြောင့် မို့ ဒီနေရာဟာ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ ဆုံချက်တစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာက ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကလည်း ပုဇွန်တောင်ကို စိတ်ဝင်စားပါတယ်။ မကြာသေးခင် ကလည်း AFD နဲ့ ဒီနေရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာဆန်းစစ်မှုတွေ ပြုခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတွေကို ဆုံစည်းပေး နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ ဒီလိုဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မှာ နေ့စဉ် လူမှုဘဝမှာ ကြုံဆုံနေကြရတဲ့ ယာဉ်ကျော ကျပ်တည်းမှု၊ လမ်းမပေါ်မှာ အချိန်တွေပေးနေရမှုတွေကို ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ စီမံဆောင်ရွက်ပေးမှုနဲ့ ဖြေလျှော့အောင် ဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်လည်း အဘက်ဘက်ကနေ ကြိုးပမ်းဆောင်ရွက် နေသူတွေအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်” ဟု ပြောသည်။
တွေ့ဆုံညှိနှိုင်းအဖြေရှာ
ဝန်ကြီးချုပ်ပြောစကားထဲကနေ ရန်ကုန်မြို့နဲ့ ပတ်သက်သမျှကို ကောက်နုတ်တင်ပြထားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်သူ မြို့တော်သားများ သာမက ရန်ကုန်မြို့မှာ လာရောက်အခြေချနေထိုင်လျက်ရှိတဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက ပြည်သူများဟာ မိမိနေထိုင်ရာ ရန်ကုန်မြို့တော်ကြီးရဲ့ အဆင့်မြှင့်တင်ဖို့ လုပ်ငန်းမှန်သမျှမှာ အတူပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ အနာဂတ်ကို အမျှော်အမြင်ရှိရှိနဲ့ စတင်လျှောက်လှမ်းနေတဲ့ ပစ္စုပ္ပန်ကာလမှာ ရန်ကုန်မြို့ ပျက်စီးရာပျက်စီးကြောင်း လုပ်ရပ်များကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ သန့်ရှင်းသာယာလှပရေးကို ရှေ့ပြေးစီမံချက်တွေနဲ့ အကောင်အထည်ဖော် လာရောက်လုပ်ကိုင်ပေးနေတဲ့ အဖွဲ့အစည်းများမှာ ပူးပေါင်းပါဝင်ဖို့ လိုသလို မိမိကိုယ်တိုင်လည်း တာဝန်သိနိုင်ငံသား တစ်ယောက်အနေနဲ့ ရပ်တည်ဖို့လိုပါတယ်။ ရန်ကုန်မြို့ ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် ပြည်သူ၊ လူမှုအဖွဲ့ အစည်းများနဲ့ အုပ်ချုပ်သူအစိုးရတို့ဟာ အရေးကြီးတဲ့ဆုံချက်တစ်ခုမှာ တွေ့ဆုံညှိနှိုင်းအဖြေရှာရင်း မြို့တော်ရန်ကုန်ကို သာယာလှပသော အနာဂတ်တစ်ခုဆီသို့ သယ်ဆောင်သွားနိုင် ကြပါစေကြောင်းပြောကြားရင်း ယခုသီတင်းပတ်ရဲ့ ရန်ကုန်စာမျက်နှာကဏ္ဍကို နိဂုံးချုပ်လိုက်ပါတယ်။
မြန်မာ့အလင်း