ဆီဆိုင် ၂၂ မေ
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု အတွင်းရှိ နောင်စကာကျေးရွာနှင့် ရွှေတဂူဘုရားအကြား ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ နမ့်တဘက်ချောင်းမကြီးအား ဖြတ်ကျော်တည်ဆောက်ထားသော ရွှေတဂူသစ်သားတံတားကြီးသည် နှစ်ပေါင်း ၅၀ ကျော်ခန့် သက်တမ်းရှိပြီဖြစ်ကာ ယခုအခါ တံတားအောက်ခြေတိုင်များ၊ ခင်းကျင်းထားသော သစ်သားများ၊ ဆွေးမြည့်ပျက်စီးနေပြီး တံတားတစ်စင်းလုံးမှာလည်း ခိုင်ခံ့မှုမရှိတော့ဘဲ ပြိုလဲကျသွားမည်ကို ပြည်သူများ စိုးရိမ်ပူပန်လျက်ရှိကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

“ကုန်တအားတင်လို့ မရတော့ဘူး။ နည်းနည်းပါးပါးပဲ တင်လို့ရတယ်။ ကားအသေးတောင်ကူးမရဲတော့ဘူး။ လူ ၃ ယောက် ၄ ယောက်လောက်ကူးတာတောင် တံတားက ခါရမ်းနေတော့ စိုးရိမ်တယ်။ တံတားကျိုးမှာ၊ ပြိုကျမှာ ကြောက်တယ်” ဟု နောင်စကာကျေးရွာမှ ဦးဝင်းလှိုင်က ပြောသည်။

ဝမ်ဟေ့သဘာဝရေပူသို့ လာရောက်လည်ပတ်ချင်တဲ့ မိဘပြည်သူများနှင့် သမိုင်းဝင်ဘုရားဖြစ်တဲ့ ရွေတဂူဘုရားကို လာရောက်ဖူးမြော်ချင်ကြသည့် ခရီးသွားပြည်သူများ ရှိသော်လည်း တံတားကမကောင်းတော့ မလာရဲကြကြောင်းနှင့် တချို့က တံတားကိုဖြတ်မမောင်းရဲလို့ ကားထားခဲ့ပြီး လမ်းလျှောက်သွားကြသူများရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ဒေသခံတစ်ဦးဖြစ်သည့် ကိုမောင်စိုးကလည်း “တိုင်တွေဆွေးကုန်ပြီ၊ အခင်းလည်း ကျိုးကုန်ပြီ အကာလည်း ပျက်စီးကုန်ပြီ အမိုးလဲမရှိဘူး။ မပြုပြင်ပေးရန် နောက်တစ်မိုးသွားလို့မရတော့ဘူး။ ပစ္စည်းအလေးတင်ရင် ဝိန်းလုံဘက်ပတ်ပြန်ရတယ် အချိန်တစ်နာရီခွဲ လောက်ကြန့်ကြာသွားတယ်” ဟုပြောသည်။
အဆိုပါ တံတားကြီးပေါ်တွင် နောင်စကာ၊ ဝမ်ဟေ့၊ နောင်ပါရင်၊ ဟိုခဲ(ကယန်း)၊ လွယ်စဲ့နှင့် ကောင်ထို ကျေးရွာတို့မှ ဒေသခံပြည်သူများ နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိရာ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစရှိသဖြင့် ဆောင်ရွက်ရန် အဓိက သွားလာနေရသည့် တံတားကြီးဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အခြားသော သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများအတွက် အဓိကအားထားရသော တံတားတစ်စင်းဖြစ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် အမြန်ဆုံးပြုပြင်ပေးစေလိုကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
လက်ရှိတံတားသည် ကျေးရွာသူ၊ ကျေးရွာသားများ၏ ကိုယ်ထူကိုယ်ထစနစ်ဖြင့် အရှည် ပေ ၁၅၀၊ အကျယ် ၁၄ ပေ၊ အမြင့်ပေ ၂၀ ရှိသည့် သစ်သားတံတားအမျိုးအစားဖြစ်သည်။ ကျေးရွာ(၆)ရွာမှ အိမ်ခြေ ၅၁၄၊ လူဦးရေ ၂၇၈၅ ဦးခန့် နေထိုင်လျက်ရှိပြီး လယ်ယာစိုက်ပျိုးရေးကိုသာ စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်ကြကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)