ရေစကြို ၂၂ မေ

ရေစကြိုမြို့တွင် ထန်းလျက်အမှုန့်ကို ထုတ်လုပ်လျက်ရှိပြီး ပြည်ပနိုင်ငံများသို့ စမ်းသပ်တင်ပို့လျက်ရှိရာ ထန်းလျက်မှုန့်ပိုမိုထုတ်လုပ်နိုင်ရန် ထန်းလျက်မှုန့် ထုတ်လုပ်သည့် 555  SHWE HINTHA ကုမ္ပဏီမှ လာမည့်ဇွန်လတွင် ထန်းတောင်သူများထံမှ ထန်းရည်ချိုကို တိုက်ရိုက်ဝယ်ယူတော့မည်ဖြစ်ရာ ထန်းတောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

“ဇွန်လဆိုရင် ထန်းရည်ကို တိုက်ရိုက်ဝယ်မယ်။ ထန်းသမားတွေအနေနဲ့ကလည်း ထန်းလျက်ချက်ရတာ ဒုက္ခရောက်လာတယ်။ ထင်း ရှားလာတဲ့အတွက် သူတို့မှာ ထင်းကိုဝယ်ပြီးတော့ သုံးရတယ်။ သူတို့ တစ်ရက် တစ်ရက် ထန်းလျက်ချက်လို့ရတဲ့ ဝင်ငွေရဲ့ ၅၀ရာခိုင်နှုန်းက ထင်းထဲမှာ ပြန်သွားနေတယ်။ ပထမတစ်ချက်က ထင်းသုံးစွဲလာတဲ့အတွက် စိတ်ဝင်စားမှု လျော့လာတယ်။ ဒုတိယတစ်ချက်က မိသားစုအကုန် ဒီထဲမှာပဲ မြုပ်နှံပြီးလုပ်ရတော့ တခြားဝင်ငွေရမယ့် အလုပ်လည်း မလုပ်နိုင်တဲ့အတွက် အဲဒီ ၂ ချက်ကြောင့် တဖြည်းဖြည်းချင်း ထန်းသမားလျော့လျော့လာတယ်။ ထန်းလျက်ကို စိတ်ဝင်စားမှု၊ ထန်းတက်ဖို့ စိတ်ဝင်စားမှု လျော့နည်းလာတယ်။ အဲဒါကြောင့် သူတို့အခက်အခဲကို အတန်အသင့် ပြေလျော့သွားအောင် သူတို့ဆီက တိုက်ရိုက်အရည်ဘဲ ဝယ်သွားမှာဖြစ်ပါတယ်။” ဟု 555  SHWE HINTHA ကုမ္ပဏီမှ  CEO ကိုကောင်းဆက်နိုင်မှ ပြောသည်။

ထိုသို့ထန်းရည်အား တိုက်ရိုက်ဝယ်ယူပါက ထန်းသမားများအတွက် ထန်းလျက်ချက်ရသည့် ဒုက္ခမှ ကင်းဝေးစေမည်ဖြစ်ကာ ထန်းရည်တန်ဖိုးကိုလည်း ထန်းလျက်ခဲတန်ဖိုးထက် မလျော့နည်းသော ဈေးနှုန်း သတ်မှတ်ဝယ်ယူမည်ဖြစ်သဖြင့် ထန်းရည်ချိုတန်ဖိုးမှာ ဈေးမြင့်တက် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ထန်းသမားမိသားစုများ အလုပ်အကိုင်ပိုမိုရရှိရန် အဆိုပါကုမ္ပဏီတွင် ဝန်ထမ်း ၂၀ဝ ဦးခန့်ထားမည်ဖြစ်ရာ ယခုအချိန်တွင် ဝန်ထမ်း ၄၇ ဦးရှိပြီဖြစ်သည်။ ကျန်ရှိသည့် ၁၅၀ ဦးခန့်ကို ထန်းလုပ်ငန်း လုပ်ကိုင်သူများအား ဦးစားပေး ခန့်ထားမည်ဖြစ်ကြောင်း သိရသည်။ တစ်နှစ်လျှင် ထန်းလျက်မှုန့် တန်ချိန် ၇၀ဝ မှ ၁၀ဝ၀ ကြား ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

“ကျေးရွာပေါင်း ၂၀ ကျော်နဲ့ စမယ်မှန်းထားတယ်။ လောလောဆယ် ၅ ရွာလောက်ပဲ ရှိသေးတယ်။ ထန်းရည်ဝယ်မယ်ဆိုရင် ကျေးရွာ ၂၀ ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်း များလာမယ်ပေါ့။ ထန်းရည်ဝယ်တယ်ဆိုတာ  အလေ့အကျင့်ဘယ်မှာမှ မရှိသေးဘူး။ ကျွန်တော်က စဝယ်မယ်ပေါ့။  နောက်တဖြည်းဖြည်း များလာရင် ရေစကြိုမြို့နယ်နဲ့ထိစပ်နေတဲ့ မြို့နယ်တွေဆီကနေ ဝယ်လို့ ရမှာဖြစ်ပါတယ်” ဟု ကိုကောင်းဆက်နိုင်မှ ပြောသည်။
    
ရေစကြိုမြို့နယ်တွင် ထန်းလျက်အမှုန့်ကို ထုတ်လုပ်ပြီးဂျပန်၊ အင်ဒိုနီးရှားနှင့် နယ်သာလန် နိုင်ငံများသို့ တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ အဆိုပါ ထန်းလျက်မှုန့်ကို ရေစကြိုမြို့နယ်တွင် 555  SHWE HINTHA ကုမ္ပဏီမှ  ထုတ်လုပ်ရောင်းချလျက်ရှိသည်။

“ထန်းလျက်အမှုန့်ကို စပြီးလုပ်ဖြစ်သွားတာ။ ၂၀၁၆ က စစမ်းတယ်။ ၂၀၁၇ နှစ်စပိုင်းမှာ အောင်မြင်တယ်။ ပြီးတော့ ၂၀၁၇ မှာ  ဂျပန်ကိုစစမ်းပြီးတော့ ပို့တယ်။ ၂၀၁၈မှာတော့ တန် ၃၀ လောက်ပို့ထားတယ်။ ဂျပန်ရယ် အင်ဒိုနီးရှားဘက်လည်း နည်းနည်းစမ်းပို့တယ်။ နယ်သာလန်ကိုလည်း စမ်းပြီးတော့ပို့နေတယ်။ အဓိကကတော့ ဂျပန်ကို တင်ပို့နေတာပါ။” ဟု  555  SHWE HINTHA ကုမ္ပဏီမှ  CEO ကိုကောင်းဆက်နိုင်မှ ပြောသည်။

 

mdn

 

ရေစကြိုမြို့နယ်ထွက် ထန်းလျက်အမှုန့်ကို အရှေ့တောင်အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ ထိုးဖေါက်ရောင်းချရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။ ရေစကြိုမြို့နယ်ထွက် ထန်းလျက်အမှုန့်မှာ အော်ဂဲနစ်စစ်စစ်ဖြစ်သဖြင့် ပြည်ပကုမ္ပဏီများမှ စိတ်ဝင်စားမှုများကြောင်း သိရသည်။

“ထန်းလျက်မှုန့်ကို ကမ်းလှမ်းတာကတော့ ပြည်ပကုမ္ပဏီတွေကတော့ တန်ချိန်အများကြီး ကမ်းလှမ်းထားတာပေါ့ သူတို့ကတော့ ကျွန်တော်တို့ဆီက ထွက်သမျှ လိုချင်တယ်။ ဒါပေမယ့် ကျွန်တော်က ပြည်တွင်းကလူတွေကိုလည်း ထန်းလျက်စားစေချင်တယ်။ အချိုကိုမှ တခြားဟာတွေအစားထိုးပြီးတော့ ဝင်နေတာဆိုတော့ ထန်းလျက်က တော်တော်ကိုပြည်တွင်းမှာ ပေါ်ပြူလာ မဖြစ်တော့ဘူး။ နောက် Generation  တွေဆိုရင် ထန်းလျက်ကောင်းကျိုးကို မသိကြတော့ဘူးလေ။ အဲဒါကြောင့် ထန်းလျက်ကိုပြည်တွင်းမှာလည်း စားသုံးစေချင်တယ်။ အဲဒါကြောင့် ပြည်တွင်းမှာလည်း ရာခိုင်နှုန်းတစ်ခုအနေနဲ့ ဖြန့်ပါတယ်  ဟု  555  SHWE HINTHA ကုမ္ပဏီမှ  CEO ကိုကောင်းဆက်နိုင်မှ ပြောသည်။

ထန်းလျက်အမှုန့်ကို ပြည်ပနိုင်ငံများတွင် ကိတ်၊ ကော်ဖီ၊ ဖျော်ရည်တို့တွင် သကြားအစားထိုး အနေဖြင့် အမျိုးမျိုး အသုံးပြုကြလျက်ရှိပြီး ပြည်တွင်းတွင် သကြား၊ အချိုမှုန်တို့ အသုံးပြုလာကြလျက်ရှိကြောင်း သိရသည်။

အိမွန်ဆွေ(ရေစကြို)