နေပြည်တော် ၂၂ မေ
ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီ (၂/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီ၏ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်၊ ဦးမြင့်သူ၊ ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာ အသီးသီးမှအဖွဲ့ဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ကုလသမဂ္ဂဘက်မှ အဆိုပြုထားသည့် ကလေးသူငယ်များအား သေကြေထိခိုက်ဒဏ်ရာ ရစေခြင်းနှင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်းတို့အား အဆုံးသတ်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစီမံချက်(၂)ရပ်နှင့် မူကြမ်း (၂)ခုတို့ကို ပူးပေါင်းပြီး မူကြမ်း (၁)ခုအဖြစ် ဆောင်ရွက်ထားရှိပါကြောင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကြံပြုချက်များကိုလည်း ယခုလုပ်ငန်းစီမံချက် မူကြမ်းတွင် ဖြည့်စွက်ထည့်သွင်းထားပါကြောင်း၊ ထိုမူကြမ်း (၁)ခုအပေါ် ဖြည့်စွက်ဆွေးနွေး အကြံပြုကြစေလိုပါကြောင်း၊ National Compliant Mechanism ထူထောင်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း၊
ယနေ့ဆွေးနွေးချက်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးစီးသော ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တတ်ရောက်လာကြသူများက လုပ်ငန်းစီမံချက် ရေးဆွဲရေးနှင့် ပတ်သတ်၍ Core Group ဖွဲ့စည်းကာ National Plan of Action (အမျိုးသားအဆင့်လုပ်ငန်းစီမံချက်) နှင့် National Compliant Mechanism အား အမြန်ရေးဆွဲပြီး လာမည့် ဇွန်လအတွင်း ပြုလုပ်မည့် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးသို့ တင်ပြအတည်ပြုရယူ သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)