၂၂ မေ

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှာ ခန္ဓာကိုယ်ရုပ်အလောင်းကို မြေဆွေးအဖြစ် ပြောင်းလဲနိုင်ကြောင်း ဥပဒေတစ်ရပ်ကို သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူ ပြည်နယ်အုပ်ချုပ်ရေးမှူးက မေ ၂၁ ရက်နေ့က လက်မှတ်ထိုးလိုက်ပြီဖြစ်ပါတယ်။ ဝါရှင်တန်ပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ အခုဥပဒေကို ပထမဦးဆုံး တရားဝင် အသိအပြုတဲ့ ပြည်နယ်ဖြစ်ပါတယ်။ 

အခုလက်မှတ်ထိုးလိုက်တဲ့ ဥပဒေဟာ လာမယ့်နှစ် မေလမှ စတင်ပြီး အသက်ဝင်မှာဖြစ်ပါတယ်။ ဝါရှင်တန်ပြည်နယ်မှာ သေဆုံးသူတွေမှာ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။  မြေမြှပ်သဂြိုလ်ခြင်း၊ အုတ်ဂူသွင်းခြင်းတွေ လုပ်ဆောင်မယ်ဆိုရင် ကာဘွန်ထုတ်လုပ်မှုဟာ ပိုပြီး များပြားတဲ့အတွက် အခုလို တခြားနည်းလမ်းအနေ သေဆုံးသူရဲ့ ဆန္ဒအရ ကျန်ရှိရုပ်အလောင်းကို သစ်ပင်ပန်းမန်တွေအတွက် ကောင်းမွန်တဲ့ မြေအဖြစ်ပြောင်းလဲချင်ရင် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ဟာ သဘာဝအတိုင်း သေခြင်းနဲ့ ရှင်သန်ခြင်း စက်ဝိုင်းအတိုင်းလှည့်ပတ်နေတဲ့အတွက် အင်မတန်လှပတဲ့ ဖြစ်စဉ်ပါလို့ ဥပဒေ အတည်ပြုရေး လှုပ်ရှားသူ ကတ်ထရီးနာ စပေ့ က ပြောပါတယ်။

ဝါရှင်တန်တက္ကသိုလ် ဓါတ်ခွဲအတွင်းမှာ လှူဒါန်းတဲ့ ရုပ်အလောင်းကို စမ်းသပ်ပြီးဖြစ်ပါတယ်။ ရုပ်အလောင်းကို ခြောက်ထောင့်ပုံ စတီပုံးထဲမှာ သစ်သားအပိုင်းအစ တွေနဲ့အတူ အယ်ဖာလ်ဖာ အပင် နဲ့ ကောက်ရိုးတွေထည့်ပြီး ရက်ပေါင်း ၃၀ အကြာမှာ အရိုးတွေနဲ့ သွားတွေပါ အပါအဝင် ခန္ဓာကိုယ်က ဓါတ်ပြိုကွဲပြီး ခြောက်သွေ့နေတဲ့ မြေသြဇာကြွယ်ဝတဲ့ မြေဆွေးအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ အဲဒီမြေဆွေးဟာ ပျိုးပင်ထုတ်လုပ်ရေးနဲ့ အသီးအရွက် ထုတ်လုပ်တဲ့ ခြံတွေအတွက် အထူးသင့်လျော်ကြောင်း သိရပါတယ်။

ဝါရှင်တန်တက္ကသိုလ်က လေ့လာတွေ့ရှိထားတဲ့ ခန္ဓာကိုယ်ကို မြေဆွေးအဖြစ်ပြောင်းလဲတဲ့ နည်းလမ်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းက မွေးမြူရေးခြံများတွင်း တိရိစ္ဆာန်တွေအတွက် အသုံးပြုနေရာမှ လူခန္ဓာကိုယ်အတွက်လည်း အသုံးပြုနိုင်ကြောင်း ဆက်လက်လေ့လာတွေ့ရှိတာဖြစ်ပါတယ်။ 

MDN
ကိုးကား - AFP