ရန်ကုန် ၂၂ မေ
မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ မဲခေါင်-ဂျပန်ချစ်ကြည်ရေး ၁၀ နှစ်ပြည့် အထိမ်းအမှတ် မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် စီစဉ်ကျင်းပသည့် “မဲခေါင်အလှ” ပန်းချီပြပွဲ ဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ပြည်လမ်းရှိ အမျိုးသားပြတိုက် ပထမထပ် ဘက်စုံခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုကို ၂၀ဝ၈ ခုနှစ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံ စသည့် အဖွဲ့ဝင် ၆ နိုင်ငံဖြင့် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု ရည်ရွယ်ချက်သည် ပျော်ရွှင်ချမ်းမြေ့သော လူမှုဘဝကို မြှင့်တင်နိုင်ရေး၊ အာဆီယံ ဒေသအတွင်း ဆင်းရဲချမ်းသာကွာဟမှု လျှော့ချရေးတို့အတွက် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးတို့ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်သည် မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်ဖြစ်သည့်အတွက် မဲခေါင်-ဂျပန်ယဉ်ကျေးမှု ဖလှယ်ရေး ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် ယခုပြပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ တာဝန်ရှိသူတစ်ဦးက မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်၏ ချစ်ကြည်ရေးပြပွဲ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအမှာစကားပြောကြားပြီး “မဲခေါင်အလှ” ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ပန်းချီဆရာကြီး ဦးစောလှိုင်က လည်းကောင်း၊ ဂျပန်နိုင်ငံသံရုံးမှ တာဝန်ရှိသူအား ပန်းချီပညာဌာန ပါမောက္ခ/ဌာနမှူးက လည်းကောင်း “မဲခေါင်အလှ” ပန်းချီပြပွဲ အမှတ်တရအဖြစ် ဂုဏ်ပြုပန်းချီကားများကို ပေးအပ်ကြသည်။
ဆက်လက်၍ မြန်မာပန်းချီပညာရှင်များကိုယ်စား ပန်းချီဆရာကြီး ဦးလှတင်ထွန်းနှင့် ဂျပန်ပညာရှင်များကိုယ်စား တိုကျိုအနုပညာတက္ကသိုလ်မှ ပညာရှင်တစ်ဦးက အမှတ်တရစကား ပြောကြားကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြကာ ပြခန်းအတွင်း ပြသထားသော ပန်းချီကားများကို လှည့်လည်ကြည့်ရှုကြသည်။
“မဲခေါင်အလှ” ပန်းချီပြပွဲတွင် မြန်မာနိုင်ငံရှိ ဝါရင့်ပန်းချီပညာရှင်ကြီးများ၊ နိုင်ငံတကာတွင် အောင်မြင်ထင်ရှားနေသော ပန်းချီပညာရှင်များ၊ အနုပညာ အထက်တန်းကျောင်းနှင့် အနုပညာတက္ကသိုလ်ရှိ ဆရာ ဆရာမများ၊ ကျောင်းသားဟောင်းများ၊ လူငယ်ပန်းချီပညာရှင်များ ရေးဆွဲထားသည့် မြန်မာနိုင်ငံမှ ၆၃ ကား၊ ကမ္ဘောဒီးယားမှ ၃ ကား၊ ဗီယက်နမ်မှ ၅ ကား၊ လာအိုမှ ၅ ကား၊ ထိုင်းမှ ၄ ကားနှင့် ဂျပန်ပညာရှင်များ၏ ပန်းချီ၊ ပန်းပု၊ ယွန်းထည်လက်မှု အနုပညာလက်ရာ ၁၀ ခု အပါအဝင် ပန်းချီကားများနှင့် အနုပညာလက်ရာ ၉၀ တို့ကို ပြသထားသည်။
အဆိုပါပြပွဲကို ယနေ့မှ မေ(၂၈)ရက်အထိ အမျိုးသားပြတိုက် ပထမထပ် ဘက်စုံခန်းမ၌ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသထားမည်ဖြစ်ရာ မည်သူမဆို အခမဲ့ လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-ရဲထွဋ်