နေပြည်တော် ၂၂ မေ 

လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

1078

 

အစည်းအဝေးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို ၅ နှစ် စီမံကိန်း ချမှတ်ဆောင်ရွက်လျက်ရှိရာ (၂၀၁၇-၂၀၂၁)၏ တတိယနှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အမေရိကန်နိုင်ငံက နှစ်စဉ်ထုတ်ပြန်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာအရ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုသည် ၂၀၁၇ ခုနစ်တွင် Tier 2 Watch list အဆင့်မှ ၂၀၁၈ ခုနစ်တွင် အနိမ့်ဆုံးအဆင့်ဖြစ်သည့် Tier 3 အဆင့် သတ်မှတ်ခံခဲ့ရသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားကို ရှေးရှု၍ Tier 2 အဆင့်သို့ ရောက်ရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အမေရိကန် TIP Report နှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား သက်ဆိုင်ရာဌာနအချင်းချင်း အသေးစိတ် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးရန်၊ နိုင်ငံတကာတွင် မြန်မာနိုင်ငံအနေဖြင့် လုပ်ဆောင်နိုင်သည့် အတိုင်းအတာအားလုံးကို သိရှိမြင်တွေ့နိုင်စေရေး အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဝိုင်းဝန်းအကြံပြုကြရန် ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှုး ပြည်ထောင်စုရှေ့နေချုပ်ရုံး တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါ်ခင်ချိုအုန်းက ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ၂၀၁၉ ခုနစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများကို လည်းကောင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်မြင့်ထူးက လူကုန်ကူးမှု တရားစွဲတင်နိုင်မှု၊ လူကုန်ကူးမှုပြစ်ဒဏ်ချမှတ်မှု၊ လူကုန်ကူးများ တရားစွဲတင်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဥပဒေရေးရာနှင့် တရားစွဲဆိုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ ဖြစ်ကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက လူကုန်ကူးခံရသူများအတွက် ပြန်လည်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးအစီအစဉ်များ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယရှေ့နေချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။ 

သတင်းစဉ်