နေပြည်တော် ၂၂ မေ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ပုံစံဖြင့် အမျိုးသား (၄၁၄၀) ဦး၊ အမျိုးသမီး (၅၀၃၁)ဦးတို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း (၉၁၇၁)ဦး ချုပ်ဆိုခဲ့သည်။ အလုပ်ရှင်/အလုပ် သမားအငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့များကို ဖွဲ့စည်းထားရှိ ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်း လက်ခံရရှိမှု (၅၅) မှုတွင် ကျေအေးမှု (၇) မှု၊ လွှဲပြောင်းမှု (၁) မှု ပိတ်သိမ်းမှု (၁၇) မှုနှင့် ငွေကြေးအကျိုးခံစားခွင့် (၃၀) မှု တို့ဖြစ်ပြီးငွေကြေး အကျိုးခံစားခွင့်ရှိသူ ၇၈ ဦးအား ငွေကျပ် ၃၆၈၁၃၃၇၆ နှင့် US$ ၁၂၀ဝ ကို ခံစားခွင့်ရရှိစေခဲ့သည်။ 

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကို ငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခ ကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၃၀ဝ၀ဝ ကျော် ခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/ အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ စစ်ဆေးရေး အရာရှိများက စက်ရုံ/အလုပ်ရုံ (၂၃၄) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာ သိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၁၈၈)ကြိမ် ဆောင်ရွက်သည်။

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၀ဝ၀ဝ ကျော် အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၈၃၄ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သိန်း ၈၉၅ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။

အာမခံအလုပ်သမားများအား ၂၀၁၉ ခုနှစ် ဧပြီလအတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှုအနေဖြင့် အလုပ်သမားဆေးရုံကြီး (၃)ရုံ (ပြင်ပလူနာ ၇၅၁၄ ဦး၊ အတွင်းလူနာ ၄၇၈ ဦး) ပေါင်း ၇၉၉၂ ဦး၊ လူမှုဖူလုံရေးဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၆)ခန်းနှင့် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်း (၄)ခန်းနှင့် PPS စနစ်ဖြင့် စာချုပ်ချုပ်ဆိုထားသည့် ဆေးခန်း (၆)ခန်းတို့မှ ဆေးကုသပေးမှုမှ ၆၅၅၉၅ ဦး၊ အလုပ်သမားဆေးရုံကြီး (၃)ရုံမှ ဆရာဝန်များကွင်းဆင်း ဆေးကုသပေးမှု (၂)ကြိမ်မှ ၁၃၄၇ ဦးနှင့် လူမှုဖူလုံရေးဆေးခန်းများမှ ဆရာဝန်များကွင်း ဆင်းဆေးကုသမှု (၇၅)ကြိမ်မှ ၁၉၅၂ ဦးတို့ကို ဆေးဝါးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်