နေပြည်တော် ၂၂ မေ
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ငါးဖားကျေးရွာအုပ်စု၊ အင်းမကျေးရွာအနီး ပဆင - တလုတ္ထော် - ထိန်ကုန်းကျော် - ငါးဖား - ကျီးတောကွက်လမ်းပေါ်ရှိ အင်းမတံတား အားသံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဟင်္သာတမြို့နယ်၊ ငါးဖားကျေးရွာအုပ်စုအတွင်းရှိ တလုတ္ထော် - ထိန်ကုန်းကျော် - ငါးဖား - ကျီးတောကွက်လမ်းပေါ်ရှိ အင်းမတံတားသည် ပျက်စီးယိုယွင်းနေသဖြင့် သံကူကွန်ကရစ်တံတားအဖြစ် အသစ်ပြန်လည်တည်ဆောက်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် အင်းမတံတားကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တံတားတည်ဆောက်ရန် ရန်ပုံငွေလျာထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ရရှိပါက သံကူကွန်ကရစ်တံတားအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကရင်ဝင်းစိန် - ဝဲကူး - တော်ပွန်လမ်းပိုင်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေသားချဲ့ခြင်းနှင့် ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ကရင်ဝင်းစိန် - ဝဲကူး - တော်ပွန်လမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class (B) ဦးစားပေးအဆင့် (၁)တွင် ပါဝင်သည့်အတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာငွေတွင် ထည့်သွင်းလျာထား၍ ကွန်ကရစ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ရေပေးဝေရေးအတွက် JICA (ODA Loan) နှင့် ADB ချေးငွေတို့ဖြင့် ဆောင်ရွက်နေသည့် ရွှေနတ်တောင် ရေလှောင်တမံ စီမံကိန်းမှ မြို့တွင်းရေပေးဝေရေးလုပ်ငန်းမှာ မည်သည့်အဆင့်ရောက်ရှိနေပြီး၊ မည်သည့် အချိန်တွင် ပြည်သူများအတွက် သန့်ရှင်းရေရရှိရေး မည်သို့ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအရ (၂၀၁၈ - ၂၀၃၀)တွင် ပါဝင်သော မဟာဗျူဟာတစ်ရပ်ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့စေမည့် နည်းလမ်းများဖြင့် လုံခြုံစိတ်ချ၍ သာတူညီမျှမှုရှိသော သောက်သုံးရေရရှိစေရေး ရည်မှန်းချက်နှင့်အညီ မော်လမြိုင်မြို့ ရေပေးရေးအတွက် ရေအရင်းအမြစ်လုံလောက်သည့် အတ္တရံမြစ်ရေမှာ ရေသန့်စင်မှု မရှိသေးသည့်အတွက် ရေသန့်စင်မှုစနစ်ပါဝင်သော တိုးချဲ့ရေပေးရေးကို ဆောင်ရွက်ရန် စီမံကိန်းကုန်ကျငွေ ၈ ဒသမ ၅ဘီလီယံကို ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတို့တွင် ဆောင်ရွက်သွားရန် စီမံထားပါကြောင်း၊ ၎င်းစီမံကိန်း ပြီးစီးပါက မော်လမြိုင် မြို့ပေါ်ရှိ (၂၉) ရပ်ကွက်အနက် (၁၇)ရပ်ကွက်ကို အတ္တရံမြစ်ရေဖြင့် သန့်ရှင်းသော ရေပေးဝေနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)၏ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိုးချည်စီမံကိန်းခြံ၏ မြေဧရိယာ(၁၁၂)ဧကကို ပုဂ္ဂလိကလုပ်ငန်းရှင်တို့အား ငှားရမ်းခဲ့ပြီး ငှားရမ်းခြင်းစာချုပ် ပျက်ပြယ်စေသည့် ချိုးဖောက်ချက်များအရ ဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူ၍ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနမှ ပိုးချည်လုပ်ငန်းအား ပြန်လည်ဖော်ထုတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပိုးချည်စီမံကိန်းခြံ၏ မြေဧရိယာ (၁၁၂)ဧကကို ငှားရမ်းထားသည့် KMA Co.,Ltd အနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထပ်ဆင့်ငှားရမ်းထားခြင်း မရှိဘဲ စာချုပ်ပါစည်းကမ်းအတိုင်း လက်ရှိအနေအထားတွင် လိုက်နာဆောင်ရွက် လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် စာချုပ်နှင့်အညီ စီမံအကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန်အတွက်လည်း ဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
အလားတူ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အထက်ကျွဲချိုမော်အုပ်စု၊ ကျွဲရိုင်းခတ်အုပ်စု၊ ဒုပြင်ရှည်အုပ်စု၊ ငလှမ်းပြင်အုပ်စု၊ ပအိုးသည်မအုပ်စု၊ ဒုအိုးသည်မအုပ်စု၊ ပေါက်တောကျေးရွာအုပ်စုများရှိ ကျေးရွာများအတွက် လမ်းဦးစားပေးအဆင့်သတ်မှတ်ကာ ကျေးရွာချင်းဆက်လမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ နှာဟရိန်မြို့မှ ခွါဟရန် - လေပီး - ခွာသွားနှင့် ရေဇွာမြို့ - ဂန့်ဂေါ လမ်းဆုံနေရာအထိ (၂၃)မိုင်အား ပြည်ထောင်စုလမ်းမကြီး သို့မဟုတ် ပြည်နယ်လမ်းမကြီးအဖြစ် သတ်မှတ်ပေးရန်နှင့်ပေ (၃၀)အကျယ် လမ်းတာချဲ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ချင်းပြည်နယ်၊ ကလေး - ဖလမ်းလမ်းပေါ်ရှိ ထင်းရှူးစခန်းမှ ဘွာလ်ခွါး - ဘဲလွေ - ဆွောင်းဒို - ငါမွာလ် - မွှန်ပီး - ဇောလ်နိုး - ဇောင်ကောင်းလမ်းအား လမ်းတာချဲ့ခြင်းနှင့် လိုအပ်သောနေရာများတွင် တံတားနှင့် ရေပြွန်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ္ထိန်း - ကမ်းဖြူ - ငါ့သရောက်မြို့ ကျောက်ချောလမ်းကို ကတ္တရာလမ်းအဆင့်သို့ ဘဏ္ဍာရေးနှစ်အလိုက်ပိုင်း၍ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့ပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး၏ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် စိုက်ပျိုးသီးနှံထွက် ကုန်များအား ဓာတ်ခွဲစမ်းသပ်ရန် ဓာတ်ခွဲခန်းတစ်ခု ခွင့်ပြုချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ သမဝါယမပိုင် လုပ်ငန်း(၆)ခုမှ ယခင်ကနိုင်ငံတော်သို့ State Income ပေးသွင်းနေသော်လည်း ယခုအခါတွင် အသင်းဌာနများ အကျိုးရှိစေရန် အကြောင်းပြပြီးပေးသွင်းခြင်း မပြုတော့သည့် ယင်းလုပ်ငန်း(၆)ခုအား စနစ်တကျထိန်းသိမ်းထားမှု ရှိ/မရှိနှင့် နှစ်စဉ်အကျိုးမည်မျှ ရှိသည်ကို သိရှိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာမျိုးအောင်က ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုပါဥပဒေကြမ်းကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုရန် အဆိုတင်သွင်းရာ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ၂၀၁၉ ခုနှစ်၊ အပင်မျိုးသစ် အကာအကွယ်ပေးရေး ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို မေ ၂၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ လူမော်