နေပြည်တော် ၂၂ မေ
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့လာသော ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသောကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း၊ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော တံတားကြီးများ ဥပဒေကြမ်းနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးများကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်