နေပြည်တော် ၂၂ မေ
    

 

တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Mr. Teodoro L. Locsin, Jr. တို့က ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

    

တန္

 

 

အစည်းအဝေးတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ တိုက်ရိုက် လေကြောင်းပျံသန်းပြေးဆွဲရေး၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးနှင့် ဆက်စပ်ဓာတုပစ္စည်းများ တရားမဝင်သယ်ဆောင် ရောင်းဝယ်မှုနှင့် အလွဲသုံးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေး၊ နှစ်ဖက်ပြည်သူများအကြား ထိတွေ့ဆက်ဆံမှုတိုးမြှင့်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်း အစရှိသည့် ကဏ္ဍများတွင်   ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ ပိုမိုပူးပေါင်းဆောင်ရွက်သွားရေးနှင့် အပြန်အလှန် အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးနှစ်ဦးသည် တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်အစည်းအဝေး မှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။

    

 

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံတို့အကြား လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Mr. Eduardo E. Kapunan, Jr. တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Teodoro L. Locsin, Jr. ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

    

 

ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Teodoro L. Locsin, Jr. နှင့် ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ သွားသည်။

 


သတင်းစဉ်