ကျောက်တန်း ၂၃ မေ
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရေကျော်ကျေးရွာအုပ်စု ချောင်းစောက်ကျေးရွာတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များအား ယမန်နေ့က တွေ့ရှိရသည်။
အဆိုပါ ဗုဒ္ဓရုပ်ပွားတော်များတွေ့ရှိရာ ဒေသခံပြည်သူတစ်ဦးက ပရိယတ္တိဘူမိကျောင်းအတွင်း ဆွမ်းချက်ဆောင်ဆောက်လုပ်နေသည့် အတွက်လိုအပ်သောအုတ်ခဲများကို လွန်ခဲ့သောနှစ်ပေါင်း(၁၃၂)နှစ်ခန့်က တည်ထားခဲ့သော ပြိုကျနေသည့်ဘုရားငုတ်တိုစေတီတော်မြတ်ကြီးရှိ အသုံးပြုနိုင်မည့်အုတ်အနည်းငယ်ကို သွားရောက်ယူရာတွင် ငွေဖြင့်သွန်းထုထားသော (၁၂၄၉ပြာသိုလဆန်းဟုစာများပါရှိသည့်) နဂါးရုံဘုရားဆင်းတုတော်တစ်ဆူနှင့် စေတီတစ်ဆူတွေရှိရပါကြောင်း သိရသည်။
ထို့အပြင် ငွေဖြင့်သွန်းထုထားသော ထိုင်တော်မူရုပ်ပွားတော်ရှစ်ဆူ၊ မတ်တတ်ရုပ်ပွားတော်နှစ်ဆူ တွေ့ရှိရ၍ ပရိယတ္တိဘူမိကျောင်းတိုက်အပေါ်ထပ်သို့ ပင့်ဆောင်ပူဇော်ထားရှိပါကြောင်း၊ ယင်းရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တွေ့ရှိရမှုကို ဆိုင်ရာသို့လည်း အကြောင်းကြားထားပါကြောင်း သိရှိရသည်။
နန်းအေးခိုင်(ကျောက်တန်း)