မကွေး ၂၃ မေ
မကွေးတိုင်းဒေသကြီးအတွင်း တိုင်းရင်းကြက်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မကွေး၊ တောင်တွင်း ကြီး၊ ရေနံချောင်း၊ ချောက်နှင့် ရေစကြိုမြို့နယ်များကို တိုင်းရင်းကြက်အထူးမွေးမြူသော မြို့နယ်များ အဖြစ်သတ်မှတ်၍ ရောဂါကာကွယ်မှုများကို စီမံကိန်းဖြင့် ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။

လတ်တလော မြေပြင်စာရင်းများအရ စီမံကိန်းဝင်မြိ့နယ်များ၌ တိုင်းရင်းကြက်မွေးမြူမှုအခြေအနေမှာ မကွေး မြို့နယ်တွင် မွေးမြူသူ(၄၄၈၄၃)ဦး၊ မွေးမြူကောင်ရေ(၁၇၉၃၇၃)ကောင်၊ တောင်တွင်းကြီးမြို့နယ်တွင် မွေးမြူသူ(၁၉၁၆၅)ဦး၊ မွေးမြူကောင်ရေ(၉၂၉၀၇၉)ကောင်၊ ရေနံချောင်းမြို့နယ်တွင် မွေးမြူသူ(၁၃၇၇၃)ဦး၊ မွေးမြူကောင်ရေ(၆၆၅၀၉)ကောင်၊ ချောက်မြို့နယ်တွင် မွေးမြူသူ(၁၆၅၇၀)ဦး၊ မွေးမြူကောင်ရေ(၈၂၈၉၆)ကောင်၊ ရေစကြိုမြို့နယ်တွင် မွေးမြူသူ(၁၂၀ဝ၉)ဦး၊ မွေးမြူကောင်ရေ(၁၅၁၈၉၀)ကောင် တို့ကို မှတ်တမ်းတင်ထားလျက်ရှိသည်။
“ စီမံကိန်းမြို့နယ်ငါးမြို့နယ်မှာ တိုင်းရင်းကြက်မွေးမြူသူ ၁၀၆၃၆၀ ဦး ရှိပြီးတော့ မွေးမြူနေတဲ့အကောင်ရေက ၁၄၀၉၇၄၇ ကောင် ဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်ထဲမှာ ကြက်ကောင်ရေ ၂၂၈၅၂ ကောင်ကို ကြက်လည်လိမ်ကာကွယ်ဆေး၊ မျက်စဉ်းခတ်တာတွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒေသမျိုး တိုင်းရင်းကြက်တွေကို စနစ်တကျနဲ့ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များနဲ့အညီ မွေးမြူလာစေဖို့လည်း စည်းရုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် ” ဟု မကွေးတိုင်းဒေသကြီးမွေးမြူရေးနှင့် ကုသရေးဦးစီဌာန၊ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်စိုးဦး က ပြောသည်။
မကွေးမြို့နယ်၌ ဂွေးတောက်စမ်းနှင့် ရွာသစ်ကလေးကျေးရွာ၊ တောင်တွင်းကြီးမြို့နယ်၌ ဆီမီးထွန်၊ မင်းကွင်း၊ ဝက္ကသေး၊ ရွာသစ်(နောက်)နှင့် ကွင်းသာကျေးရွာ၊ ရေနံချောင်းမြို့နယ်၌ ကုက္ကိုကွနှင့် သပွတ်စုကျေးရွာ၊ ချောက်မြို့နယ်၌ ဂွေးချိုနှင့် အုန်းဘွဲ့တောကျေးရွာ၊ ရေစကြိုမြို့၌ ပေကုန်းနှင့် ဖူလုံကျေးရွာ စသည့်ဒေသများတွင် ၂၀၁၈ခုနှစ်အတွင်း ကြက်လည်လိမ်ကာကွယ်ဆေး မျက်စဉ်းခပ်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ဇေယျတု(မကွေး)