လွိုင်ကော် ၂၃ မေ
ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄/၂၀၁၉) ကို ယနေ့နံနက် ၁၀ နာရီခွဲက ကယားပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ(ပြည်နယ်ဝန်ကြီးချုပ်)၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ကော်မတီအတွင်းရေးမှူး (ရင်းနှီး/ ကုမ္ပဏီညွှန်ကြားရေးမှူး) နှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူးက တင်ပြရာတွင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဦးဆောင်မှုဖြင့် ကော်မတီအစည်းအဝေးအား တစ်ပတ်တစ်ကြိမ် ဆောင်ရွက်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်ရန်အတွက် LED ဘုတ်များမှတစ်ဆင့် အသိပေး ကြေညာလျက်ရှိကြောင်း၊ ကော်မတီအဖွဲ့ဝင်များ အနေနှင့် ပြည်နယ်တွင်း မာဘယ်လ်ကျောက် ထုတ်လုပ် နိုင်ရေးနှင့်ပတ်သက်၍ ရုပ်သံရိုက်ကူးရေး အစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ ချမ်းမြေ့ချိုကုမ္ပဏီ တည်းခိုရိပ်သာ လိုင်စင်မှဟိုတယ်လုပ်ငန်းလိုင်စင်သို့ အဆင့်မြှင့်လျှောက်ထားမှု နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ လွိုင်ကော်မြို့ စက်မှုဇုန်မြေငှားဂရန်ရရှိရေးနှင့်ပတ်သက်၍လည်းကောင်း၊ ဘောလခဲမြို့နယ်တွင် ကနူး၊ ကယက်အပန်းဖြေစခန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ ဒီးမော့ဆိုမြို့နယ်ရှိ လွိုင်နန်းဖတောင် နှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ်ခေါ်မည့်ကိစ္စရပ်များကိုလည်းကောင်း၊ နန္ဒဝန်ကုမ္ပဏီမှ လွိုင်ကော်စက်မှုဇုန်ဝင်းတွင် ဘက္ထရီအိုး ဟောင်းများမှ ခဲသတ္တုသန့်စက်ပြီး ပြည်ပသို့ တင်ပို့ဆောင်ရွက်လိုသည့် ကိစ္စရပ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု ရင်းနှီးလုပ်ကိုင်ရန်အတွက် လယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် Orchestra Co.,Ltd မှ ဟိုတယ်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်သား