နေပြည်တော် ၂၃   မေ

နေပြည်တော် တိုးချဲ့ရေပေးဝေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ (Workshop on Nay Pyi Taw Water Supply Extension Plan (PaungLaung) ကို ယနေ့နံနက်ပိုင်းက မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန-၂ (MICC II)၌ ကျင်းပသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များ၊ ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များ အမြဲတမ်းအတွင်းဝန် နှင့် ဌာနကြီးမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၊ Japan International Cooperation Agency၊ France Development Agency၊ Lift Fund၊ TEC International Co.Ltd၊ China Civil Engineering Construction Cooperation၊ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသော Authentic Co.Ltd, CJIC, China Jiangxi International Economic and Technical Cooperation Co.Ltd, Supreme Group of Companies, Diamond Wall Co.Ltd, EBARA Co.Ltd, Han Sein Thant Co.Ltd, Myanmar Pipe and Accessories Co.Ltd, Pride Myanmar Development (PMD) Co.Ltd, W.E.G Co.Ltd တို့နှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမျိုးအောင်က နေပြည်တော် တိုးချဲ့ရေပေးဝေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲနှင့်ပတ်သက်၍ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အနေဖြင့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မြို့နယ်များတွင် ရေပေးရေးလုပ်ငန်းမရှိသည့်အတွက် နေပြည်တော်ရှိ မြို့နယ် (၈)မြို့နယ်စလုံးသောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေးအတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း၊ Nay Pyi Taw Water Supply Extension Planရေးဆွဲထားမှု အခြေအနေကို ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေး ပြောကြားစေလိုကြောင်းကြားသည်။

ဆက်လက်၍ နေပြည်တော်စည်ပင်သာယာရေး ကော်မတီအင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု) မှ ဌာနမှူး ဦးလှမိုးထွန်းကနေပြည်တော်တွင် လက်ရှိရေပေးဝေနေသည့် ဧရိယာ နှင့် ရေပမာဏ၊ ဆက်လက်တိုးချဲ့ဖြန့်ဖြူးလိုသည့် ဧရိယာနှင့် ရေပမာဏအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်ကုမ္ပဏီများမှ ပူးပေါင်း၍ ပေါင်းလောင်းဆည်မှ ရေအရင်းအမြစ် တိုးချဲ့ရယူမည့် အစီအမံများ၊ မြို့နယ် (၈)မြို့နယ်စလုံး ရေပေးဝေရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေကုန်ကျမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများ၊ ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများမှ အကြံပြု ဆွေးနွေးတင်ပြကြကာ အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်နှင့် ဌာနမှူး ဦးလှမိုးထွန်းမှ ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ကောင်းမွန်သည့် ရေသန့်စနစ်တစ်ခု ကိုရရှိအောင် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုတက်ရောက်လာကြသည့် အဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားခဲ့သည်။

တိုးချဲ့ရေပေးဝေရေးလုပ်ငန်း စီမံကိန်းအနေဖြင့် နေ့စဉ် သန့်စင်ပြီးရေဂါလံ (၃၅)သန်းဖြန့်ဝေပေးနိုင်မည်ဖြစ်ပြီးယင်းမှပျဉ်းမနားမြို့သို့ (၅)သန်း၊ ဥတ္တရသီရိမြို့သို့ (၄)သန်း၊ ပုဗ္ဗသီရိမြို့သို့ (၆)သန်း၊ ဇမ္ဗူသီရိရုံးများသို့ (၂)သန်း၊ ဇမ္ဗူသီရိမြို့သို့  (၈)သန်း၊ ဒက္ခိဏသီရိမြို့သို့ (၇)သန်း၊ လယ်ဝေးမြို့သို့ (၃)သန်း နှုန်းဖြင့် နေ့စဉ်ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)