နေပြည်တော် ၂၃ မေ
မြန်မာနိုင်ငံပိုင် ဂြိုဟ်တုထရန်စပွန်ဒါ ငှားရမ်းရေးဆပ်ကော်မတီ တတိယအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် ထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးစိုးသိန်းက မိမိတို့၏ ဝန်ကြီးဌာနများ နှင့် ကုမ္ပဏီများသည် ပြည်ပမှဂြိုဟ်တုများကို ငှားရမ်းသုံးစွဲ နေရသည့်အတွက် မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံခြားငွေများကိုသုံးစွဲနေရကြောင်း၊ Myanmar Sat-2 ဂြိုဟ်တုကို ၂၀၁၉ ခုနှစ်၊ သြဂုတ်(၁)ရက်တွင် လွှတ်တင်ပြီး အောက်တိုဘာတွင် ဂြိုဟ်တုချယ်နယ် 864 MHz ကို နည်းပညာအသစ်ဖြင့်အရည်အသွေး ကောင်းမွန်စွာ ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်က အကုန်အကျခံထားသော မိမိတို့၏ MyanmarSat-2 ဂြိုဟ်တု ချန်နယ်များကို ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများက တစ်စုတစ်ဝေးတည်းအသုံးပြုကြခြင်းဖြင့် ပြည်ပနိုင်ငံ မှဂြိုဟ်တုများကို ငှားရမ်းအသုံးပြုမှု ကြောင့်နိုင်ငံခြားငွေသုံးစွဲမှုများကို လျော့ချနိုင်ကာ နိုင်ငံတော်ကိုတစ်ဖက်တစ်လမ်းမှ ကူညီရာရောက်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဂြိုဟ်တုချန်နယ်အများဆုံးအသုံးပြုသော ရွှေသံလွင်ကုမ္ပဏီနှင့် Forever ကုမ္ပဏီတို့အား အသုံးပြုကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြန်ကြားရေးဝန်ကြီးဌာန၏ မိတ်ဖက်ကုမ္ပဏီများဖြစ်သော ရွှေသံလွင်ကုမ္ပဏီနှင့် Forever ကုမ္ပဏီတို့ကို MyanmarSat-2 ဂြိုဟ်တုချယ်နယ်များအား ငှားရမ်းအသုံးပြုကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုထရန်စပွန်ဒါငှားရမ်းရေးဆပ်ကော်မတီ အဖွဲ့ဝင်များ၊ တက်ရောက်လာသည့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ကိုယ်စားလှယ်များနှင့် ကုမ္ပဏီများ၏ ကိုယ်စားလှယ်များက ထရန်စပွန်ဒါငှားရန်းရေး ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)