ရန်ကုန် ၂၃ မေ
မြန်မာစာရေးဆရာကလပ်က ဖွင့်လှစ်သည့် စာပေဖန်တီးမှုအနုပညာသင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ တစ်နာရီက ရန်ကုန်မြို့ရှိ House of Orchid တွင် ကျင်းပသည်။
အခမ်းအနားတွင် မြန်မာစာရေးဆရာကလပ်နာယက ဆရာကြီးဂုဏ်ထူး ဦးသိန်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “ ကျွန်တော်တို့ စာရေးဆရာ ဆရာ၊ ဆရာမများက မြန်မာစာပေအပေါ်မှာ ထားအပ်တဲ့ သန့်ရှင်းစင်ကြယ်တဲ့ စိတ်နဲ့ စေတနာကို အရင်းပြုပြီးတော့ စာပေအင်အားစုတစ်ရပ်အဖြစ် ရပ်တည်နေကြတာ ဖြစ်ပါတယ်။ မြန်မာစာရေးဆရာကလပ်ရဲ့ မြောက်များလှစွာသော ရည်ရွယ်ချက်ထဲမှာ စာပေအသစ် အသစ် ပေါ်ထွန်းလာရေးနဲ့ အမွေဆက်ခံကြမယ့် စာပေအင်အားသစ်၊ စာပေမျိုးဆက်သစ်တွေရဲ့ ရသစာပေ ဖန်တီးမှု စွမ်းအား၊ သုတစာပေ ဖန်တီးမှု စွမ်းအား မြင့်မားလေလေ နိုင်ငံတော်အတွက် ကောင်းကျိုးဖြစ်လေလေလို့ ယုံကြည်ယူဆကြတဲ့ အတိုင်း ဘာသာပြန်သင်တန်း၊ စာပေအနုပညာ ဖန်တီးမှု သင်တန်းတွေ ဖွင့်လှစ်တာ ယခုဆို စတုတ္ထပတ် သင်တန်း ဆင်းပွဲ ဖြစ်ပါတယ်” ဟုပြောကြားသည်။
ထို့နောက် မြန်မာစာရေးဆရာကလပ် စာပေဖန်တီးမှုအနုပညာသင်တန်း အမှတ်စဉ်(၄) ဖွင့်လှစ်ခဲ့သည့် သင်တန်းအခြေအနေ၊ မြန်မာစာရေးဆရာကလပ်၏ ဝတ္တုတိုပြိုင်ပွဲ အကောင်းဆုံးဆု၊ ဆောင်ပါးပြိုင်ပွဲ အကောင်းဆုံးဆု၊ ကဗျာပြိုင်ပွဲ အကောင်းဆုံးဆု၊ ရသစာတမ်းပြိုင်ပွဲ အကောင်းဆုံးဆု ရရှိသူများကို ဖွင့်ဖောက် ကြေညာ၍ ဆုများချီးမြှင့်သည်။
မြန်မာစာရေးဆရာကလပ်က ဖွင့်လှစ်သည့် စာပေဖန်တီးမှုအနုပညာသင်တန်း အမှတ်စဉ်(၄)၏ စာပေပြိုင်ပွဲ အကောင်းဆုံးဝတ္တုတိုဆုကို ဆရာမ မေသနပ်ခါး၏ “မျက်တော်မူသင့်ပါရဲ့” ဝတ္တု၊ အကောင်းဆုံး ဆောင်းပါးဆုကို ဆရာမ ပေါက်ပေါက်၏ “စာနာအလိုက်သိစွာယဉ်ကျေးခြင်းအနုပညာ” ဆောင်းပါး၊ အကောင်းဆုံးကဗျာ ဆုကို ဆရာမရင်ခတ်လှိုင်း၏ “အိမ်အပြင်ဘက်” ကဗျာ နှင့် အကောင်းဆုံးရသစာတမ်းဆုကို ဆရာမ မေငြိမ်းချမ်းနိုင်၏ “အပူနဲ့အအေး” အက်ဆေး တို့ကလည်းကောင်း ရရှိခဲ့ကြပြီးဆုရရှိသူများကို ဆရာကိုရိုးကွန့်၊ ဆရာဆောင်းဝင်းလတ်၊ ဆရာသူရဇော်နှင့် ဆရာမင်းချမ်းမွန်တို့က ဆုများချီးမြှင့်ကြသည်။
စာပေဖန်တီးမှုအနုပညာသင်တန်း အမှတ်စဉ်(၄)၏ သင်တန်းရက်မှန်ဆုကို မြန်မာစာရေးဆရာကလပ် ဗဟိုကော်မတီဝင် ဆရာဦးသိန်းလွင်က ဆုများချီးမြှင့်ပေး ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
မြန်မာစာရေးဆရာကလပ်က ဖွင့်လှစ်သည့်စာပေဖန်တီးမှုအနုပညာသင်တန်း သည် စာပေမျိုးဆက်သစ်များ ပိုမိုပြန့်ပွားစေရန်၊ စာရေး ဆရာ၊ ဆရာမကြီးများ၏ စာပေ ဖြတ်သန်းမှုဘဝ အတွေ့အကြုံများကို မျှဝေခံစား နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
စာပေဖန်တီးမှု အနုပညာ သင်တန်း အမှတ်စဉ်(၄)ကို ဧပြီ၂၄ရက်မှ မေ ၂၂ ရက် အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအမှတ်စဉ် (၅) ကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ…ညွန့်ကိုကို