နေပြည်တော်  ၂၃  မေ


အခြေခံပညာအဆင့်အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း)ဆွေးနွေးပွဲနှင့် အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးသည် နိုင်ငံ၏လူသား အရင်းမြစ်များကို သင်ကြားသင်ယူလေ့ကျင့်မွေးထုတ်ပေးနေခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ၏ကုန်ထုတ်စွမ်းအားများ၊ ဝန်ဆောင်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစိန်ခေါ်မှုသည် ကျွမ်းကျင်လုပ်သားများ အားနည်းခြင်းဖြစ်ပြီး ကျွမ်းကျင် လုပ်သားများရရှိ အောင်ပြုစုပျိုးထောင်ရာတွင် နိုင်ငံသားတိုင်း အခြေခံပညာအထက် တန်းအဆင့် သင်ယူ ပြီးမြောက်ရန် လိုအပ်ပါကြောင်း၊ ဆက်လက်ပြီး ကျွမ်းကျင်လုပ်သားများကို Professional များဖြစ်အောင် တစ်သက်တာသင်ယူမှုအစီအစဉ်ဖြင့် ပညာရေး အခွင့်အလမ်းများ ပေးနိုင်မှသာ လူ့စွမ်းအားအရင်းအမြစ်များကို သင်ကြားသင်ယူလေ့ကျင့် မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
 

သင်ကြားသင်ယူ လေ့ကျင့်ပေးရာတွင် တစ်ဦးနှင့်တစ်ဦး အရည်အချင်းရှိမှု၊ စွမ်းရည်ရှိမှု၊ သင်ယူတတ်မြောက်မှုများ မတူညီပါကြောင်း၊ ထိုမတူညီမှုများကြောင့် ပညာရေးစစ်ဆေးအကဲဖြတ်ခြင်းမူဝါဒသည် အလွန်အရေးကြီးပါကြောင်း၊  မိမိတို့ကျောင်းသား ကျောင်းသူများအား အတူပူးပေါင်းပြီးအစုအဖွဲ့လိုက် ဆောင်ရွက်ရာတွင် တော်စေချင်ပါကြောင်း၊ ကိုယ့်နိုင်ငံ၏ လူမှုအသိုင်းအဝိုင်းပျော်ရွင်ရန်၊ တိုးတက်ရန်လုပ်ဆောင်ပေးနိုင်သည့် ကလေးများလေ့ကျင့် မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အစည်းအဝေးကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က အခြေခံပညာအဆင့် အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်း မူဝါဒ ရေးဆွဲရခြင်း၏ အကြောင်းရင်းများကို ဆွေးနွေးတင်ပြသည်။ 


ထို့နောက် ADB မှ Consultant ဒေါက်တာ မြင့်မြင့်စန်းက အခြေခံပညာအဆင့် အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း)ကိုရှင်းလင်းတင်ပြသည်။


ယင်းနောက်ဆွေးနွေးလိုသည့်မေးခွန်းများ၊ အချက်အလက်များကိုအုပ်စုလိုက် ဆွေးနွေးခြင်း၊ ပြန်လည်ညှိနှိုင်းဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။


အစည်းအဝေးကို ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)

 

1