နေပြည်တော် ၂၃ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသူများအနေဖြင့် မှန်ကန်သော သတင်း အချက်အလက်များရရှိစေရေးနှင့် နှစ်ဘက်လူ့အဖွဲ့အစည်း အချင်းချင်း ရေရှည်သဟဇာတဖြစ်စေရေးအတွက် ညှိနှိုင်းကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်လက်ခံနိုင်ရေးနှင့် တရားဝင် ရွှေ့ပြောင်းလုပ်သားများဖြစ်စေရေးအတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းများအား အဆင့်ဆင့်ပိတ်သိမ်းနိုင်ရေးနှင့် ၎င်းတို့ နေရပ်ဒေသများသို့ ပြန်လည်နေရာချထားနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ယင်းလုပ်ငန်းစဉ်များအရ ပြန်လည်ဝင်ရောက် လာသူများအနေဖြင့် ဂုဏ်သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းအသီးသီးက ပူးပေါင်း ကူညီဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်နှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)