ကော့မှူး  ၂၄  မေ  

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၌ ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား မေ ၂၃ ရက်က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပိန္နဲကုန်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ အဖျောက်ကျေးရွာ၊ ဆင်ခြံကျေးရွာ၊ ဇရပ်ကုန်းကျေးရွာနှင့် တွံတေးမြို့နယ်ဘုရားကြီးကျေးရွာ မီးလင်းရေးကော်မတီ ရသုံးငွေစာရင်းများအား ချပြရှင်းလင်းရာတွင် စာရင်းများ တိကျမှန်ကန်မှုမရှိဘဲ မမှန်မကန်ပြုစုထားသည်ကို တွေ့ရသဖြင့် မီးသုံးစွဲသူကျေးရွာနေပြည်သူများက သက်ဆိုင်ရာဌာနဆိုင်ရာ အဆင့်ဆင့်သို့ တိုင်ကြားခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေယျာမြတ်သူက မီးလင်းရေးကော်မတီဝင်များအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးရန်အတွက် မီးလင်းရေးကော်မတီဝင်များနှင့် မီးသုံးစွဲသူကျေးရွာနေပြည်သူ (၅၄)ဦးတို့နှင့် ဧပြီ ၂၈ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ထို့သို့တွေ့ဆုံရှင်းလင်းရာတွင် မီးလင်းရေးကော်မတီမှ ယခင်(၆)ကြိမ်စာရင်းများအား ရှင်းလင်းမှု မရှိဘဲ၂၀၁၆-၂၀၁၇-၂၀၁၈ အတွက်သာ ရှင်းလင်းခဲ့ပြီး ရှင်းလင်းရာတွင် ဝင်ငွေထွက်ငွေ စာရင်းများ၌ ချေးငွေပြန်ဆပ်ဟု အကြိမ်ကြိမ်ဖော်ပြခြင်း၊ ယခင်ရှင်းတမ်းအား ဝင်ငွေထွက်ငွေ   စာရင်းမှ ထွက်ငွေစာရင်းများအား အကြိမ်ကြိမ်ဖော်ပြခြင်း၊ ယခင်နှစ်ရှင်းတမ်းက နှစ်ချုပ်ဝင်ငွေ၊ ထွက်ငွေစာရင်းမှ ထွက်ငွေစာရင်းကို ပြန်လည်ဖော်ပြခြင်း၊ ဆုံးရှုံးယူနစ်များအား ကျသင့်ငွေထက် မမှန်မကန်ပိုမိုကောက်ခံခြင်း၊ မီးသုံးစွဲသူထံမှကောက်ခံသည့်  ငွေကြေးပမဏအားလျော့၍ မမှန်မကန်ဖော်ပြခြင်းနှင့် ယခင်နှစ်များက မီတာယူထားသူများ၏ အမည်စာရင်းအား ယခုစာရင်းတွင် ထည့်သွင်းအသုံးမပြုခြင်းတို့အား မှားယွင်းဖော်ပြထားသည်ကို တွေ့ရှိရသဖြင့်ကျေးရွာမီးသုံးစွဲသူများက ကောက်ခံထားရှိသောငွေကြေးများကို   ကိုယ်ကျိုးသုံးစွဲပြီး မမှန်မကန်စာရင်းဇယားပြုလုပ်သူကျေးရွာမီးလင်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးသက်ဆွေပါ(၃၂)ဦးအား ကော့မှူးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ကျော်သူရ (ကော့မှူး)