ဝိုင်းမော် ၂၄ မေ
ကချင်ပြည်နယ်အတွင်း ဒေသတွင်းမတည်ငြိမ်မှုများကြောင့် မိမိနေရပ်ဒေသကို စွန့်ခွာခဲ့ကြရပြီး နေရပ်စွန့်ခွာစခန်းအသီးသီးမှ မိမိနေရပ်ဒေသို့ ပြန်လည်ရောက်ရှိလာကြသည့် ဒေသခံပြည်သူများကို စားဝတ်နေရေးအဆင်ပြေချောမွေ့စေရန် ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ထောက်ပံ့ နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးနှင့် တာဝန်ရှိသူများက တတိယအကြိမ်မြောက် ပြောင်းရွှေ့အိမ်ထောင်စု(၅၂)စုအား အိမ်မိုးသွပ်၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ပြောင်းရွှေ့ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ပြောင်းရွှေ့ပြည်သူ အိမ်ထောင်စု(၅၂)စုရှိ လူဦးရေ(၃၁၇)ဦးအား ကာလတန်ဖိုးငွေ(၃၆၇၆၄၇၅)ကျပ်တန်ဖိုးရှိ ဆန်နှင့် စားနပ်ရိက္ခာတစ်လစာ၊ ငွေကျပ်(၄၄)သိန်းတန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ၊ ငွေကျပ်(၆၂)သိန်းကျော် တန်ဖိုးရှိ သွပ်(၂၀၈၀)ချပ်၊ ပြောင်းရွှေ့စားရိတ်(၅၂)သိန်း၊ ငွေကျပ်သိန်း(၂၀)ကျော် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အသုံးအဆောင်ပစ္စည်းနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်းထောက်ပံ့ငွေနှင့် ပစ္စည်းတန်ဖိုးမှာ ငွေကျပ်သိန်း(၂၁၀)ကျော် တန်ဖိုးဖြစ်ကြောင်း ကချင်ပြည်နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှူးရုံးမှ သိရသည်။
ဝင်းနိုင်(ကချင်မြေ)