ထန်းတပင် ၂၄   မေ  

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရွှေကြာဗျိုက်ကျေးရွာအုပ်စုနှင့် ကြာမန်းကျေးရွာအုပ်စုတို့ကို ဆက်သွယ်ထားရှိသည့် ရှမ်းတော၊ ငါးဘက်ရိုးနှင့် ကြာမန်းကျေးရွာချင်းဆက် မြေသားလမ်းအား ၂၀၁၈-၂၀၁၉ ခုနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေ ကျပ်သန်း (၁၁ဝ၉ ဒသမ ၆၂၇) ဖြင့် လုပ်ငန်းများကို (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ၊ တတိယအပတ်မှ စတင်ကာ တင်ဒါအောင်ကုမ္ပဏီ(၂)ခုမှ ဆောင်ရွက် နေပြီးဖြစ်ပြီး မေလ (၂၃) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု(၄၀)ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကာ လုပ်ငန်းများ မြန်ဆန်စွာပြီးမြောက် နိုင်ရေးတို့အတွက်လည်း ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းသည် ကျောင်းသား၊ ကျောင်းသူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် အနီးပတ်ဝန်းကျင်က ကျေးရွာသူ၊ ကျေးရွာသားများအတွက် အဓိကအားထားရာ ခရီးတိုတိုနဲ့ ရောက်နိုင်သည့် လမ်းတစ်ခုဖြစ်ပြီး ယခုမြေသားလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးသွားပါက နွေ၊ မိုး၊ ဆောင်း သွားလာလို့ရတော့မည်ဖြစ်ကာ ဒေသခံ ကျေးရွာသူ/ သားတွေ အတွက်လည်း သွားမှု၊ လာမှုအစစအရာရာများ ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လာမည်ဖြစ်ရာ ကျေးရွာဖွံ့ဖြိုးမှုအတွက်လည်း အထောက်အပံ့ကောင်းများဖြစ်လာတော့မည်ဖြစ်ကြောင်း ကြာမန်းကျေးရွာနေ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးခင်မောင်မြင့် ထံမှ သိရသည်။

 

အဆိုပါ ကျေးရွာချင်းဆက်လမ်းကို ကြာမန်းကျေးရွာအုပ်စုနှင့် ရွှေကြာဗျိုက်ကျေးရွာအုပ်စုဟူ၍ အပိုင်း(၂)ပိုင်းခွဲကာ တင်ဒါအောင် ကုမ္ပဏီ(၂)ခုမှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ကြာမန်းကျေးရွာအုပ်စုဘက် တွင် လမ်းအရှည်(၁)မိုင်(၅)ဖာလုံ၊ အကျယ်(၁၂)ပေ၊ (၇)လက်မထုကို ငွေကျပ်သန်း(၅၅၇ ဒသမ ၇၀)ဖြင့် Hlaing Prinecess International ကုမ္ပဏီမှလည်းကောင်း၊ ရွှေကြာဗျိုက်ကျေးရွာအုပ်စု ဘက်ခြမ်းတွင် လမ်းအရှည် (၁)မိုင်(၅)ဖာလုံ၊ အကျယ်(၁၂)ပေ၊ (၇)လက်မထုကို ငွေကျပ်သန်း(၅၅၁ ဒသမ ၉၂၇)ဖြင့် Kaday Kyaw Construction Technology ကုမ္ပဏီမှလည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး စုစုပေါင်းလမ်း အရှည်(၃)မိုင် (၂)ဖာလုံ၊ အကျယ်(၁၂)ပေ၊ (၇)လက်မထုကို ၂၀၁၈-၂၀၁၉ ခုနှစ် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေကျပ်သန်း (၁၁ဝ၉ ဒသမ ၆၂၇) ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


                                            
ဇင်မင်းထိုက်(ထန်းတပင်)

 

10.jp