မန္တလေး ၂၄ မေ
မန္တလေးတိုင်းဒေသကြီးအတွင်း ယခု မေလ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် မိုးသက်လေပြင်းများ ကျရောက်ပြီး လေပြင်းတိုက်ခိုက်မှုများကြောင့် မြို့နယ်များတွင် နေအိမ်ပေါင်း ၃၅၀ ပျက်စီးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန(မန္တလေး)မှ သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခိုက်မှုများကြောင့် နွားထိုးကြီးမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့တွင် လူနေအိမ်ပေါင်း ၃၅၀ ပျက်စီးခဲ့ပြီး အချို့မြို့နယ်များရှိ ဘာသာရေး အဆောက်အဦများ၊ ကျောင်းများ၊ ဓာတ်တိုင်များလည်း ပျက်စီးခဲ့သည့်အပြင် ပျော်ဘွယ်မြို့နယ်နှင့် ပုသိမ်ကြီး မြို့နယ်တို့တွင် ဒဏ်ရာရရှိသူ ၅ ဦးနှင့် သေဆုံးသူ တစ်ဦးရှိခဲ့ကြောင်း သိရသည်။

"ဒီလထဲမှာ လေပြင်းတိုက်မှုကြောင့် အိမ်ခြေတော်တော်များ ပျက်စီးခဲ့ပါတယ်။ ဆုံးရှုံးမှုများလည်း ရှိခဲ့ပါတယ်။ လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ထောင်စုတွေကို ထောက်ပံ့မှုတွေနဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ ကူညီပံ့ပိုးပေးနေပါတယ်။ ဒီနှစ်က အယ်နီညိုရာသီဥတုဖြစ်တဲ့အတွက် အပူဒဏ်ဟာ ပိုရှည်ပါတယ်။ အပူဒဏ်ပြင်းထန်တဲ့အတွက် လေပြင်းတိုက်ခိုက်မှုတွေ ဖြစ်လာတဲ့အခါ လူနေအိမ်တွေပျက်စီးမှုတွေ ဖြစ်ပေါ်တတ်ပါတယ်" ဟု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသူက ပြောသည်။
တိုင်းဒေသကြီးအတွင်း၌ မိုးသက်လေပြင်းများကျရောက်မှုကြောင့် လူနေအိမ်များပျက်စီး ဆုံးရှုံးမှုများကို တွက်ချက် ခန့်မှန်းကြည့်ပါက ပြီးခဲသည့်နှစ်ထက် ယခုနှစ်တွင် သဘာဝဘေးပျက်စီးမှု ပိုမိုများနိုင်ကြောင်း သိရသည်။
လေပြင်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားသည့် လူနေအိမ်များကို ပျက်စီးသွားသည့် အိမ်အမျိုးအစားပေါ်မှုတည်၍ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုများကို ကယ်ဆယ်ရေးပစ္စည်း ၁၀ မျိုးနှင့် ပြိုကျပျက်စီးခဲ့သည့် အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၅ မျိုးပါ ပုံးများနှင့် ကူညီမှုများ ပေးသွားမည်ဖြစ်ပြီး၊ ထောက်ပံ့ငွေများအဖြစ် ပျက်စီးသွားသည့် အိမ်ခြေ ၃၅၀ အတွက် ငွေကျပ်သိန်း ၁၅၂၁၂၅၀ဝ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)