မူဆယ် ၂၄ မေ
နယ်စပ်ဒေသ၊ မူဆယ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးသည့်အမှု(၁၉)မှုမှ လူကုန်ကူးခံရသူ အများဆုံးသည် မိန်းကလေးများ ဖြစ်ကြောင်း အမှတ်(၁၇)၊ ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ ယာယီရဲမှူးမြင့်သိန်း၏ ပြောပြချက်အရ သိရသည်။
“လူကုန်ကူးအမှု(၁၉)မှုထဲမှာ အဖြစ်အများဆုံးကတော့ အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံမှာ တရုတ် အမျိုးသားများထံ အတင်းအဓ္ဓမ ထိမ်းမြားလက်ထပ်ခိုင်းတဲ့ဖြစ်စဉ်များပါတယ်၊ တချို့က သူ့အဒေါ်ကနေ တစ်ဆင့် ရောင်းစားနေတာလည်းရှိတယ်၊ သူငယ်ချင်းအချင်းချင်း ရောင်းစားခံရတာတွေလည်း ရှိတယ်၊ သမီး ရည်းစားစုံတွဲအတူနေထိုင်ရင်း ကောင်မလေးမှာပါတဲ့ ငွေကြေးတွေကုန်သွားတယ်၊ ငွေကြေးတွေ ကုန်သွားတဲ့အခါမှာ ကောင်မလေးဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေ ရောင်းချပြီး အတူတူဆက်နေ ကြတယ်၊ နောက်ဘာမှမကျန်တဲ့အခါမှာ ကောင်မလေးကို သူ့ကောင်လေးက တရုတ်အမျိုးသားနဲ့ လက်ထပ်ဖို့ဆိုပြီး ပွဲစားနဲ့ချိတ်ပြီးမှ ရောင်းစားခံရတဲ့ အဖြစ်များလည်းရှိပါတယ်”ဟု ခရိုင်လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့စု(မူဆယ်)မှ ယာယီရဲမှူးမြင့်သိန်းက ပြောသည်။
လူကုန်ကူးခံရမှုအများစုသည် ပွဲစားများမှတစ်ဆင့် မူဆယ်မြို့မှ တရုတ်နိုင်ငံဘက်သို့ တရုတ်အမျိုးသားများနှင့် အတင်းအဓ္ဓမထိမ်းမြားလက်ထပ်စေခိုင်းခြင်း၊ ကလေးသူငယ်များကို မွေးစားရန်ရောင်းစားခံရခြင်း၊ အနှိပ်ခန်းများ၌ အဓ္ဓမစေခိုင်းခြင်း၊ ပြည့်တန်ဆာအဖြစ်စေခိုင်းခြင်းများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ထုတ်ယူရောင်း ချခြင်းများရှိနေပြီး မူဆယ်မြို့တွင် လူကုန်ကူးခြင်းခံရမှုအများဆုံးသည် မိန်းကလေးငယ်များဖြစ်ကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးနှင့် ပြည်ပသို့တရားမဝင် အလုပ်သမားများသွားရောက်မှုကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီတွင် မြန်မာ-တရုတ်နှစ်နိုင်ငံဝင်/ထွက်ဂိတ် နန်းတော်ဂိတ်၌ လူကုန်ကူးမှုအသိပညာပေး(Bill Board)စိုက်ထူ ဖွင့်လှစ်ခြင်း အခမ်းအနားနှင့်လူကုန်ကူးမှု တားဆီး ကာကွယ်ရေးလူထုအသိပညာပေးဟောပြောပွဲကို ခရိုင်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မူဆယ်)နှင့် (YMCA), DCA-NCA Myanmarတို့ပူးပေါင်း၍ ကျင်းပခဲ့သည်။
လူကုန်ကူးမှုအသိပညာပေး (BillBoard) စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကိန်မိုင်၊ မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးလှိုင်စိုးသန့်၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး အောင်ထိန်လင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစန်းဝေနှင့် (YMCA), DCA-NCA Myanmar အတွင်းရေးမှူး ဦးမောင်မောင်ဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်၊ ကချင်နှစ်ချင်း လူမှုရေးခန်းမဆောင်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလူထုအသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ရာ သင်းအုပ် ဆရာတော်ဇော်အောင်က ကြိုဆိုနှုတ်ဆက်စကားပြောကြားခဲ့ပြီး (YMCA), DCA-NCA Myanmar လူငယ်အဖွဲ့ များက “ချစ်ခြင်းမေတ္တာနဲ့”သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

ထို့နောက် ဆရာမဒေါ်ယူနစ်နှင့်ခရိုင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)မှ ဒုတပ်ဖွဲ့စုမှူးရဲမှူးမြင့်သိန်းတို့က လူကုန်ကူးမှုကြိုတင် တားဆီးကာကွယ်ရေးနှင့် သိကောင်းစရာများ၊ လက်ရှိဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံများနှင့်ရွှေ့ပြောင်း သွားလာခြင်းမှ လူမှောင်ခို/လူကုန်ကူးမှုဖြစ်ပွားခြင်းများကို ပြည်သူလူထုနှင့်အတူပူးပေါင်းကာကွယ်ဆောင်ရွက် ရမည့်အကြောင်းအရာများကို အသီးသီးဟောပြောခဲ့ပြီး “လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွားလာမှု” အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေသည်။
လူကုန်ကူးမှုခံရခြင်းသည် ယုံကြည်မှုများလွန်ကဲနေခြင်းကြောင့်ဖြစ်ပြီး နယ်စပ်ဒေသ၊ မူဆယ်မြို့တွင် (၂၀၁၉)ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ လူကုန်ကူးသည့်အမှု(၁၉)မှုမှ မိန်းကလေး(၃၀)ဦးနှင့်(၂၀၁၈)ခုနှစ်အတွင်း လူကုန်ကူးအမှု(၄၀)မှုမှ မိန်းကလေး(၅၆)ယောက် လူကုန်ကူးခံရကြောင်း မူဆယ်မြို့ ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မူဆယ်)၏ မှတ်တမ်းအရ သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)