မိုင်းယောင်း ၂၄ မေ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဌာန (၁၀) ခုပါဝင်သော ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) ဖြင့် ပြည်သူများအရောက် လုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ မေ ၂၄ ရက် မွန်းလွှဲ ၁ နာရီက ဝမ်ကောင်းကျေးရွာအုပ်စု ဝမ်ကောင်း ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ရွေ့လျားပြည်သူ့ဝန်ဆောင်မှုစနစ်ဖြင့် ကွင်းဆင်းမှုကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင် ဦးဆောင်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာ ဒေသခံပြည်သူများကို သွေးအမျိုးအစား ခွဲခြားစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ အိမ်ထောင်စုပြောင်းဝင်များကို စစ်ဆေးပေးခြင်း၊ မွေးတိုးများကို စိစစ်ထည့်သွင်းပေးခြင်းနှင့် သေဆုံးစာရင်းများကို ပယ်ဖျက်ပေးခြင်း စသည့်လုပ်ငန်း ၂၇ ခုကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) အဖြစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စသည့်ဌာနဆိုင်ရာ (၁၀) ခုဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။
အားချာ(ပြန်/ဆက်)