နေပြည်တော် ၂၄ မေ
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) တို့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ မြောက်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဗိုလ်မှူးကြီး ထွန်းနေလင်း၊ လုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ပြန်လည်ထူထောင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ၊ ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC) မှ ဒု-ဥက္ကဋ္ဌ (၁)ဖာသာရ်ပေါလ်အောင်ဒန့် ဦးဆောင်သောအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
လုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်က (NRPC) နှင့် (KHCC)တို့ ၂၀၁၉ ဧပြီလအတွင်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ရသူများ(IDPs)အနေဖြင့် ၎င်းတို့နေရပ်သို့ ဂုဏ်သိက္ခာရှိစွာဖြင့် ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ရေးနှင့်ပြန်လည်နေရာချထားနိုင်ရေး၊ လိုအပ်နေသော လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများပေးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် မိမိတို့လုပ်ငန်းအဖွဲ့ကို ၂၀၁၉ ခုနှစ် မေ ၈ ရက်တွင် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် (၆၂/၂၀၁၉)ဖြင့် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ မိမိတို့အဖွဲ့အတွက် လုပ်ငန်းတာဝန် (၉)ချက်ကိုလည်း သတ်မှတ်ပေးထား ပါကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် NRPC ၏လမ်းညွှန်ချက် နှင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် NRPC နှင့် KHCC သဘောတူညီချက်များနှင့် အညီကဏ္ဍအလိုက်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ၏ လူမှုစီးပွားဘဝပြန်လည် ဖွံ့ဖြိုးတိုးတက်လာစေနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်KHCC မှ ဒု-ဥက္ကဋ္ဌ(၁) ဖာသာရ်ပေါလ်အောင်ဒန့်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ပတ်သက်၍ တက်ရောက် လာသူအဖွဲ့ဝင်များက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ဆွေးနွေးပွဲမှ IDPs များနေရပ်ပြန်ရာတွင် လိုအပ်သော Initial Need Assessment ပြုလုပ်ရေး၊ Action Plan ရေးဆွဲနိုင်ရေးအတွက် အကြံပြုချက်များရယူရေး၊ လုပ်ငန်းအဖွဲ့နှင့် KHCC တို့တွင် Focal Person များသတ်မှတ်ရေးနှင့် ဆက်လက်ပြုလုပ်မည့် အစည်းအဝေး အချိန်ဇယားသတ်မှတ်ခြင်းတို့ကို အတည်ပြုနိုင်ခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ (ပလန) ကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာသို့ သွားရောက်ကာကျေးရွာပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ အလုပ်အကိုင်ရရှိရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ပြီး ကျေးရွာရှိ ကျောင်းသား/သူများအတွက် ကျောင်းကြို/ပို့ အသုံးပြုရန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ငွေကျပ်(၃၁)သိန်းတန်ဖိုးရှိ သုံးဘီး မော်တော်ဆိုင်ကယ်တစ်စီးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)