နေပြည်တော် ၂၄  မေ
 
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီ၊ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌  တွေ့ဆုံပြီး လမ်းညွှန် အမှာစကားပြောကြားသည်။

 

man

 

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးဟန်ဇော် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတက လမ်းညွှန်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံပွဲပြုလုပ်ရခြင်းသည် မိမိတို့နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကိုပိုမိုတိုးမြှင့် စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ အန္တိမရည်ရွယ်ချက်မှာ နိုင်ငံတော် ကိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်မည်ဆိုသည့် သိန္နိဋ္ဌာန် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံကိုဒီမိုကရက်တစ်နိုင်ငံ တည်ဆောက်နိုင်မှ တည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း၊  မိမိတို့နိုင်ငံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်မှ ပြည်ထောင်စု နိုင်ငံ၊ ဖက်ဒရယ်နိုင်ငံကိုတည်ဆောက်၍ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးနှင့် နိုင်ငံသူနိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှအောင်မြင်မည် ဖြစ်ပါကြောင်း။

လောကနိယာမသဘောတရားအရ ပြုပြင်ပြောင်းလဲမှုသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါကြောင်း၊  ပြုပြင်ပြောင်းလဲမှုရေစီးကြောင်းတွင်လိုက်ပါနိုင်မှ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်လာ မည်ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်ကြီးလည်း ငြိမ်းချမ်းသာယာဝပြောလာမည်ဖြစ်ပါကြောင်း။

တချို့က ပြုပြင်ပြောင်းလဲမှုကိုစိုးရိမ်နေကြပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် စိုးရိမ်စရာမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် မိတ်ကောင်းဆွေကောင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုသည် ခြိမ်းခြောက်မှုမဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသူနိုင်ငံသားများ၏ သားစဉ်မြေးဆက်ပျော်ရွှင်ချမ်းမြေ့မှုအတွက် အခွင့်ကောင်း အခါကောင်းဖြစ်ပါကြောင်း။

မည်သည့်နိုင်ငံ၊ မည်သည့်ခေတ်၊ မည်သည့်စနစ်တွင်မဆို ပြုပြင်ပြောင်းလဲမှု မရှိဘဲနှင့် ဖွံ့ဖြိုးတိုးတက်မှုမရနိုင်ပါကြောင်း၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အခြေအ နေအချိန်အခါအရ ဖြစ်ပေါ်နေသည့် ရေစီးကြောင်းတွင်လိုက်ပါနိုင်မှ အမျိုးသားအကျိုးစီးပွား ရေရှည်တည်တံ့မှုရှင်သန်လာမည်ဖြစ်ပါကြောင်း။

ဒီမိုကရေစီစနစ်သည် ဖက်ဒရယ်ပြည်ထောင်စုအတွက် အထောက်အပံ့ဖြစ်ပြီး ဖယ်ဒရယ်ပြည်ထောင်စုသည် ဒီမိုကရေစီခိုင်မြဲရေးကိုအားပေးပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည်ဟု  သန္နိဋ္ဌာန်ချထားခြင်းဖြစ်ပါကြောင်း။

မိမိတို့လိုချင်သည့်  အုပ်ချုပ်ရေးသည် အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး၊  လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သည့်အုပ်ချုပ်ရေးပုံစံမျိုးဖြစ်ပါကြောင်း၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ တရားမျှတမှု ရှိရန်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအသီးသီးတွင် တရားမျှတမှုရှိမှ ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မြဲမည်ဖြစ်ပါကြောင်း၊ တရားမျှတမှုမရှိ၍ ဒီမိုကရေစီအခြေခံအုတ်မြစ်မခိုင်မြဲပါက နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့်ငြိမ်းချမ်းသာယာဝပြောသည့် နိုင်ငံကိုတည်ဆောက်ရန် မလွယ်ပါကြောင်း။

နိုင်ငံရေးအရ၊ စီးပွားရေးအရ၊လူမှုရေးအရတရားမျှတမှုဆိုသည်မှာ အားလုံးတန်းတူ ညီတူအခွင့်အရေးရရှိခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများအားလုံး၊ အဖွဲ့ အစည်းများအားလုံး အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ ဥပဒေအရာတွင်  ညီမျှမှု ဖြစ်စေလိုပါကြောင်း၊ အားလုံးသည်ဥပဒေ၏ ရှေ့မှောက်တွင် အညီအမျှဖြစ်ရမည် ဖြစ်ပါကြောင်း၊ ထို့ပြင်ဥပဒေ၏အထက်တွင် မည်သူမျှမရှိရပါကြောင်း။

မိမိတို့နိုင်ငံကို ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ခြင်းသည်  ခေတ်ဟောင်းစနစ်ဟောင်းကနေ ခေတ်သစ်စနစ်သစ်ကို ပြောင်းလဲလာခြင်းဖြစ်ပါကြောင်း၊ ထိုသို့ပြောင်းလဲရာတွင် လမ်းရိုးလမ်းဟောင်းမှ  ခေတ်စနစ်နှင့်အညီလမ်းသစ်ကို ထွင်ပြီး လုပ်ရမည်ဖြစ်ပါကြောင်း၊ ယခင်ကအတိုင်းအတွေးအခေါ်အပြုအမူများနှင့် ဆောင်ရွက်မည် ဆိုလျှင် ပြုပြင်ပြောင်းလဲမှုခရီးမရောက်နိုင်ပါကြောင်း။

ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကိုယ်တိုင်မပြုပြင် မပြောင်းလဲ ဘဲတစ်ခြားသူကို ပြုပြင်ပြောင်းလဲနိုင်မည် မဟုတ်ပါကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည် တာဝန်ထမ်းဆောင်ရာတွင် အနာဂတ်မျိုးဆက်အတွက် တာဝန်ကျေအောင် ထမ်းဆောင် ရန်လိုကြောင်း၊ သမိုင်းကပေးသည့် တာဝန်၊ နိုင်ငံတော်ကပေးသည့်တာဝန်ကို မိမိတို့မည်မျှ စွမ်းဆောင်နိုင်ခဲ့သည်ဆိုသည့်အပေါ်မူတည်ပြီး နောင်မျိုးဆက်က အဆုံးအဖြတ်ပေးကြမည်ဖြစ်ပါကြောင်း၊ မိမိကျရာတာဝန်ကို အကောင်းဆုံး၊ အသေသပ်ဆုံးဥပဒေနှင့်အညီ စည်းကမ်းနည်းလမ်းတကျ လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။

မိမိတို့တာဝန်ထမ်းဆောင်ရာတွင် အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်ကိုအကောင်းဆုံးဖန်တီးစေချင်ပါကြောင်း၊ မိမိတို့တာဝန်ယူသည့်ကာလတွင် ပြုပြင်ပြောင်းလဲပြီးဒီမိုကရေစီမျိုးစေ့ကိုချသွားနိုင်မှ နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောပြီး နိုင်ငံသားများညီတူညီမျှအခွင့်အရေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ စားဝတ်နေရေး အခက်အခဲ၊ အကြပ်အတည်းရှိသည်ကိုနားလည် ပါကြောင်း၊နိုင်ငံ့ဝန်ထမ်းများအနေဖြင့်မိမိအခက်အခဲအတွက် ပြည်သူပြည်သားများ ကိုဖိစီးခြင်း၊ နှိပ်စက်ခြင်း၊ အာဏာပါဝါပြခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းများ ကိုမဖြစ်စေ လိုပါကြောင်း။

ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်၊ တည်ဆဲဥပဒေများကိုလေးစားလိုက်နာရမည်ဖြစ်ပါကြောင်း၊ မိမိတို့ သည် ဗဟိုဦးစီးစနစ်ကိုဖြေလျှော့ပြီးဒီမိုကရေစီထွန်းကားရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ဆောင်နေပါကြောင်း။

ဒီမိုကရေစီစနစ်တွင် အပြန်အလှန်ထိန်းကျောင်းခြင်းရှိပါကြောင်း၊ ချစ်ခြင်း၊ မုန်းခြင်း အပေါ်မူမတည်ဘဲအပြန်အလှန် ထိန်းကျောင်းမှုပေးခြင်းသည် ဒီမိုကရေစီ၏ အားသာချက် ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းကဆောင်ရွက်ချက်များကိုဥပဒေပြုရေးအပိုင်းမှ ကိုယ်စား လှယ်များကထိန်းကျောင်းရမည်ဖြစ်ကြောင်း၊သို့သော်လည်းအုပ်ချုပ်ရေးအပိုင်းကို ဝင်ရောက် စွက်ဖက်ခြင်းမျိုးမဖြစ်ရန်လိုပါကြောင်း၊ ထို့အတူအုပ်ချုပ်ရေးအပိုင်းမှလည်း တရားစီရင်ရေး အပိုင်းကို ဝင်ရောက်စွက်ဖက်၍မရပါကြောင်း၊ တရားစီရင်ရေးအပိုင်းမှလည်းဥပဒေပြုရေး အပိုင်းကို ဝင်ရောက် စွက်ဖက်၍မရပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မေးခွန်းနှင့် အဆိုများတင်သည့်အခါတွင် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်းမေးခွန်း၊ အဆိုနှင့် ပတ်သက်သည့်ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့်အညီသာတင်သွင်းရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အဆိုနှင့်မေးခွန်းများသည် နိုင်ငံတော်အတွက်နောင်အကျိုးဆက်ကို ကြည့်ရမည်ဖြစ်ပါကြောင်း။

မေးခွန်းများမေးမြန်းရာတွင် မေးသင့်မေးထိုက်သည်ကိုမေးရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအပိုင်းကလည်းသေသေချာချာကျကျနနဖြေပေးရမည်ဖြစ်ပါကြောင်း၊ ယင်းသည်အပြန်အလှန်နားလည်မှုနှင့် အပြန်အလှန်လေးစားမှုပင်ဖြစ်ပါကြောင်း၊ လွှတ်တော်နှင့် အုပ်ချုပ်ရေးအပိုင်းအပြန်အလှန်ယုံကြည်မှုပေး၍ အပြန်အလှန်ထိန်း ကျောင်းရ မည်ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များသည်သက်ဆိုင်ရာမဲဆန္ဒနယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းများတွင် အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့အစည်းကအလေးထားတိုင်ပင်ရမည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်းကိုယ့်ဒေသ၊ကိုယ့်မဲဆန္ဒနယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အုပ်ချုပ်ရေးအာဏာပိုင်များနှင့်ညှိနှိုင်းသင့်ပါကြောင်း၊

ဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်းမိမိအဖွဲ့အစည်း၊ မိမိလုပ်ပိုင်ခွင့်နှင့် မိမိလုပ်ရမည့်ကိစ္စကိုမှန်မှန်ကန်ကန် နားလည်ကျေညက်အောင်လေ့လာသုံးသပ်ပြီး လုပ်စေလိုပါကြောင်း၊ တရားစီရင်ရေးသည် လွတ်လပ်သည့် တရားစီရင်ရေးဖြစ်စေ လိုပါကြောင်း၊ ဥပဒေနှင့်အညီမှန်မှန်ကန်ကန်တရားစီရင်စေလိုပါကြောင်း၊ ပြောလိုသည်မှာ ပြစ်မှုဆိုင်ရာဥပဒေ၊ ပြစ်မှုကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားမကျင့်ထုံးဥပဒေ၊ တရားရုံးလက်စွဲ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေစသည်ဖြင့် တရားစီရင်ရေးနှင့် ပတ်သက် သည့် ဥပဒေများအတိုင်းသာဆောင်ရွက်စေလိုပါကြောင်း။

မိမိတို့သည် တရားဥပဒေစိုးမိုးရန် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးရှိမှ ဒီမိုကရေစီအုပ်ချုပ်ရေး ယန္တရားဖြစ်မြောက်မည်ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးယန္တရားမရှိပါကဒီမိုကရေစီအုပ်ချုပ်ရေးစနစ်လုပ်၍မရပါကြောင်း၊ထို့ကြောင့် မိမိတို့လိုလားသည့် တရားစီရင်ရေးသည် ဘက်မလိုက်သောတရားစီရင်ရေးဖြစ်ပါကြောင်း။

ထို့ပြင် မိမိတို့လိုချင်သည့် အုပ်ချုပ်ရေးယန္တရားသည် တရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ဖြစ်သည့် အုပ်ချုပ်ရေးယန္တရားသာဖြစ်စေလိုပါကြောင်း၊ ပြည်သူကိုလွတ်လပ်မှု၊ လုံခြုံမှု၊ ပျော်ရွှင်မှုပေးသည့် အုပ်ချုပ်ရေးစနစ်သာဖြစ်စေလိုပါကြောင်း၊ သို့မှသာတရားဥပဒေ စိုးမိုးမှုကိုတည်ဆောက်၍ရမည်ဖြစ်ကြောင်း၊ မိမိတို့အားလုံးကပြုပြင်ပြောင်းလဲရေးအတွက် ကိုယ့်အတ္တကိုမကြည့်ဘဲလုပ်ရမည်ဖြစ်ပါကြောင်း၊ ကိုယ့်အတ္တကိုဗဟိုပြုပြီးလုပ်မည်ဆိုပါက အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း၊ ပရဟိတကိုဗဟိုပြုပြီးလုပ်မည်ဆိုပါက ကိုယ်လုပ်သည့် အလုပ်အောင်မြင်ပြီးကိုယ်လည်းသိက္ခာရှိ၊ တိုင်းပြည်လည်းဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသူ နိုင်ငံသားများအားလုံးနှင့် နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာ ဝပြောရန်အတွက် ကြွရောက်လာကြသူအားလုံးကယခု အချိန်ကစပြီးစိတ်အား ထက်သန်စွာဖြင့် တက်ညီလက်ညီပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ကို ယခုထက်တိုးမြှင့် ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကနေပြည်တော် ကောင်စီနယ်မြေအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ထားမှု၊ ဆောင်ရွက်နေမှု နှင့်ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတကနေ ပြည်တော်ကောင်စီအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် လုပ်ငန်းများအရည်အသွေး ပြည့်မီမှု ရှိ၊ မရှိစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွားရန်လိုကြောင်း။

နေပြည်တော်ကောင်စီအနေဖြင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ရာတွင် အရည် အသွေးပြည့်မီမှု ရှိ၊မရှိကို သေချာစွာစိစစ်ဆောင်ရွက်ရန် လိုအပ်ပြီး ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် မိမိတာဝန်ကို သေချာစွာကျေပွန်အောင်ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးကိစ္စကိုအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကိစ္စနှင့်စပ်လျဉ်းပြီးတာဝန်ရှိသူများအနေဖြင့် မျက်ကွယ်မပြုကြစေလိုကြောင်း၊ သတင်းရရှိလျှင် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာနများတွင်လည်းအဂတိလိုက်စားမှုတိုက်ဖျက်ရေး အဖွဲ့ခွဲများဖွဲ့စည်းဆောင်ရွက်နေပါကြောင်း၊ မန္တလေးနှင့်ရန်ကုန်မြို့ကြီးများတွင် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ရုံးခွဲများကိုဖွင့်လှစ်ထားရှိပြီးဖြစ်သကဲ့သို့ အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်လည်း ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီပေးကြစေလိုပါကြောင်း။

စီမံကိန်းများဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရန် သေချာစိစစ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း စီမံကိန်းတန်ဖိုးများမှန်၊ မမှန်နှင့်ဒေသလိုအပ်ချက် ရှိ၊ မရှိကို ဝိုင်းဝန်းစိစစ်ပေးကြရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲရာတွင် ပြည်သူ့အကျိုးငှာ အရည်အချင်းရှိသည့် ဘဏ္ဍာစိုးသဖွယ် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် အညီအသုံးပြုကြရန် လိုအပ်ကြောင်း။

လယ်ယာမြေကိစ္စများဖြေရှင်းဆောင်ရွက်ရန် မူဝါဒကို မျှမျှတတချမှတ်ထားပါကြောင်း၊ ချမှတ်ထားသည့်မူဝါဒများနှင့်အညီလွှတ်တော်ကိုယ်စားလှယ်များ၊လယ်ယာမြေစိစစ်ရေးအဖွဲ့များအနေဖြင့် အမှုတွဲများကိုဆောလျှင်စွာပြီးပြတ်စေရေးစနစ်တကျ စိစစ်ဆောင်ရွက် ကြစေလိုကြောင်း။

ဒီမိုကရေစီကိုလိုလားပါကမိမိတို့ကိုယ်တိုင် ဥပဒေလေးစားလိုက်နာခြင်း၊ စည်းကမ်း လိုက်နာခြင်း၊ တရားမျှတခြင်း၊ သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်းတို့ရှိရမည် ဖြစ်ပါကြောင်း၊ ဒီမိုကရက်တစ်အုပ်ချုပ်ရေးစနစ်ကောင်းဖြစ်အောင် ဆောင်ရွက်မည်ဆိုလျှင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှု၊ ကြိုတင် မျှော်မှန်းနိုင်မှု အားလုံးပူးပေါင်းပါဝင်နိုင်မှုတို့ ရှိရန်လိုအပ်ကြောင်း၊ သို့မှသာဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေးအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရကချမှတ်သောလုပ်ငန်းစဉ်များမူဝါဒများကိုနေပြည်တော်ကောင်စီကလက်တွေ့ အကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီ၏ ဆုံးဖြတ်ချက်၊ ဆောင်ရွက်ချက်များမှန်ကန်မှု၊ မြန်ဆန်မှုရှိမှသာ လုပ်ငန်းများအောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအားလုံးက နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲရေးခရီးတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍မိမိတို့ တတ်ကျွမ်းသည့်ပညာဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေတွင်ရှိသည့် ဒေသခံပြည်သူများအေးချမ်းသာယာပြီး စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်နိုင်သည့် မြို့တော်ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်မှာကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။

ထို့နောက်နိုင်ငံတော်သမ္မတသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် သီးခြားတွေ့ဆုံပြီး နေပြည်တော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးလမ်းညွှန်မှာကြားသည်။

(သတင်းစဉ်)