နှင်းလဲ့(ဟိုတယ်/ခရီး)

စိတ်ကူးအိမ်မက်

ငယ်စဉ်က ည ၇ နာရီတွင် ပြသလေ့ရှိသော ကိုရီးယားဇာတ်လမ်းတွဲများ ကြည့်ရှုခဲ့ရသည် ကို သဘောကျနှစ်ခြိုက်ခဲ့ပြီး ကိုရီးယား ဇာတ်လမ်းတွဲများကြောင့်ပင် ကိုရီးယား မင်းသား၊ မင်းသမီး၊ ၎င်းတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အစားအစာ၊ လူနေမှုဓလေ့စရိုက် များကို သိရှိခဲ့ရသည်။ အနှစ်ခြိုက်ဆုံးဇာတ်လမ်း တွဲမှာ အွန်စောနှင့် ဂျွန်စောတို့ ပါဝင်သရုပ် ဆောင်ထားသည့် “ဆောင်းဦးရွက်ကြွေချစ်သက်သေ” ဇာတ်လမ်းတွဲဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတွဲအပေါ် စွဲမက်မှုကြောင့်ပင် ကိုရီးယားနိုင်ငံသို့ တစ်နေ့တစ်ချိန် ရောက် အောင်သွားဦးမည်ဟု စိတ်ပိုင်းဖြတ်ခဲ့မိသော် လည်း နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်ခြင်းကြောင့် တာဝန်ထမ်းဆောင်ချိန်တွင် စိတ်ကူးအိပ်မက် တစ်ခုလို မှုန်ရီဝိုးတဝါးဖြစ်နေခဲ့သည်

 

ကံကြမ္မာ

သို့ရာတွင် ကိုရီးယားသမ္မတနိုင်ငံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆိုးလ်မြို့ နှင့် ဘူဆန်မြို့တွင် ဖွင့်လှစ်ပို့ချမည့် “ခရီးသွား လုပ်ငန်းကို လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းတွင် တာဝန်ယူဆောင်ရွက်နေသော အရာရှိအဆင့်သင်တန်း” သို့ မြန်မာနိုင်ငံ၏ သင်တန်းသားကိုယ်စားလှယ်တစ်ဦးအနေဖြင့် မမျှော်လင့်စွာ ပါဝင်တက်ရောက်ခွင့်ရခဲ့၍ အိပ်မက်များ အသက်ဝင်လာခဲ့သည်။ အဆိုပါ သင်တန်းမှာ ကိုရီးယားနိုင်ငံအစိုးရမှ ခရီးသွား လုပ်ငန်းဖွံ့ ဖြိုးရန် အလားအလာရှိသော နိုင်ငံ များတွင် ခရီးသွားလုပ်ငန်းကို လက်တွေ့ အကောင်အထည်ဖော်မှုအပိုင်း၌ တာဝန်ယူ ဆောင်ရွက်နေသော အရာရှိများကို ရေရှည် တည်တံ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့ အကျင့်များရရှိစေရန် ရည်ရွယ်၍ အသိပညာ အရည်အသွေး မြှင့်တင်ပေးရန်အတွက် ဖွင့်လှစ် ပို့ချပေးခြင်းဖြစ်ကာ မြန်မာ၊ မွန်ဂိုလီးယား၊ သီရိလင်္ကာနှင့် ပီရူးနိုင်ငံများမှ သင်တန်းသား စုစုပေါင်း ခုနစ်ဦး ပါဝင်တက်ရောက်ခဲ့ ပါသည်။

 

ကိုရီးယားမြေသို့

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားလေကြောင်းလိုင်းဖြင့် ၅ နာရီခွဲကြာ လေယာဉ်စီးပြီးနောက် ကိုရီးယားနိုင်ငံ အပြည် ပြည်ဆိုင်ရာလေဆိပ် အင်ချွန်းသို့ ရောက်ရှိခဲ့ သည်။ လေယာဉ်ပေါ်မှ ဆင်းလျှင်ဆင်းချင်း ကိုရီးယားလေယာဉ်မယ်နှင့် လေယာဉ်မောင် တို့၏  “အန်ညောဟာစယော” (မင်္ဂလာပါ) ဟု နှုတ်ဆက်သံက နားဝင်ပီယံ ချိုသာစွာရှိလှသည်။ လေဆိပ်ထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ခေတ်မီခမ်းနားကြီးကျယ်သော အဆောက်အအုံ အသွင်အပြင်၊ အခွန်လွတ်ဆိုင်များ၊ ခရီးသွား များအတွက် ဖျော်ဖြေတင်ဆက်ပေးနေသော တီးဝိုင်းများ၊ နိုင်ငံအရပ်ရပ်မှ လာရောက်ကြသူ များ၊ ဝန်ထမ်းများဖြင့် လေဆိပ်ကြီးသည် ရှင်သန် လှုပ်ရှားလျက်ရှိသည်ကို တွေ့ မြင်ရသည်။

မြန်မာအဖွဲ့ကို ကိုရီးယားနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့အစည်းမှ ဒုတိယòန်ကြားရေး မှူးနှင့် ၎င်း၏အတွင်းရေးမှူးတို့က လာရောက် ကြိုဆိုကာ တည်းခိုမည့်နေရာသို့ ပို့ဆောင်ပေး သည်။ ညနေပိုင်းတွင် တည်းခိုရာဟိုတယ်၌ လေးနိုင်ငံမှ သင်တန်းသားများကို ကြိုဆိုမိတ် ဆက်သည့် အခမ်းအနားပြုလုပ်ကာ ကိုရီးယားနိုင်ငံ၏ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အဖွင့် အမှာစကားပြောကြားပြီးနောက် သင်တန်းသား များကလည်း နိုင်ငံအလိုက်အချင်းချင်း လိုက်လံ မိတ်ဆက်ကြသည်။

 

ကျောင်းသူဘဝ

နောက်ရက်များမှစ၍ စီစဉ်ပေးထားသော မော်တော်ယာဉ်ဖြင့် ကိုရီးယားနိုင်ငံရှိ တက္ကသိုလ် များအနက် ခရီးသွားလုပ်ငန်းပညာရပ်တွင် နာမည်ကျော်ကြားသော ထိပ်တန်းတက္ကသိုလ်ဖြစ်သည့် Sejong University သို့ ရောက်ရှိသည်။ အဆိုပါ တက္ကသိုလ်တွင် ကိုရီးယားနိုင်ငံသားများအပြင် နိုင်ငံတကာမှ ကျောင်းသားများလည်း တက် ရောက်လျက်ရှိသည်ကို တွေ့ရှိရသည်။ တက်ကြွ လှုပ်ရှားစွာ သွားလာနေကြသော ကျောင်းသား များ၊ စာဆွေးနွေးနေကြသော ကျောင်းသူများကို တွေ့ရသည့်အခါ တစ်ချိန်က လွတ်လပ်ပေါ့ပါးစွာ အပူအပင်ကင်းကင်းဖြင့် တက်ရောက်ခဲ့သော တက္ကသိုလ်ကျောင်းသူဘဝကို ပြန်လည်သတိရမိ သည်။ သင်တန်းသို့ တက္ကသိုလ်ပါမောက္ခများ၊ အခြားသောတက္ကသိုလ်များမှ ပါမောက္ခများ၊ သက်ဆိုင်ရာ ခရီးသွားလုပ်ငန်းနယ်ပယ်၊ အဖွဲ့ အစည်းအသီးသီးမှ ပညာရှင်များ၊ လုပ်ငန်းရှင် များအပြင် GSTC (Global Sustainable Tourism Council) နှင့် Millennium Destination စသည့် အဖွဲ့အစည်းများမှ ပညာ ရှင်များ လာရောက်ပို့ချသည့်အတွက် ခရီးသွား လုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများ နှီးနှော ဖလှယ်ခွင့်ရရှိခဲ့သည်။ ထို့ပြင် သင်ခန်းစာအစီအစဉ် များပြီးတိုင်း စိတ်ဝင်စားစရာနေရာများသို့လည်း လက်တွေ့သွားရောက်လေ့လာခွင့်ရကြသည်။

 

လေ့လာရေးခရီး

လေ့လာရေးခရီးစဉ်တိုင်းတွင် တက္ကသိုလ်မှ ပါမောက္ခတစ်ဦး၊ ဆက်ဆံရေးအရာရှိများ (Liaison Offcer)၊ စကားပြန်များ၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်များပါရှိသဖြင့် သိရှိလိုသည်များ အား မေးမြန်းခွင့်ရကြသည်။ ပထမဦးစွာ တောင် ကိုရီးယားနိုင်ငံ၏ မြို့တော်ဆိုးလ်မြို့ရှိ ထင်ရှား သော ခရီးသွားဧည့်သည်များ သွားရောက်မှုများ သည့် နေရာများသို့ သွားရောက်ကြရသည်။ ဆိုးလ် မြို့သည် ကမ္ဘာပေါ်ရှိ စီးပွားရေးအဖွံ့ ဖြိုးဆုံး မြို့တော်များထဲတွင် အဆင့် (၄) အဖြစ် သတ်မှတ် ထားသောမြို့ ဖြစ်သည့်အပြင် ရှေးဟောင်းယဉ် ကျေးမှုနှင့် ခေတ်မီနည်းပညာများ ဆုံစည်းရာမြို့တစ်မြို့ ဖြစ်သည်။ ပြည်နယ် ၂၅ ခုဖြင့် ဖွဲ့စည်း ထားပြီး နည်းပညာ၊ စက်မှုလုပ်ငန်း၊ ရုပ်ရှင်နှင့် ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးသော မြို့တော်တစ်ခုအဖြစ် ထင်ရှားသည်။ နှစ်စဉ်နှစ်တိုင်း က္ဘာလှည့်ခရီး သွားဧည့်သည်များ လာရောက်အလည်ပတ်ဆုံး မြို့တော်တစ်ခုလည်း ဖြစ်သည်။ ကိုရီးယားတွင် ယူနက်စကိုမှ အသိအမှတ်ပြုထားသောနေရာ ၁၃ ခုရှိပြီး ဆိုးလ်မြို့တွင် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ သွားရောက်အလည်ပတ်ဆုံးနေရာ များမွှာ Gyeongbokgung နန်းတော်၊ Bukchon Hanok Village၊ နမ့်ဆန်ဆိုးလ်မျှော်စင်၊ မြောင်ဒုံဈေးနှင့် နမ်ဒဲမွန်ဈေး စသည်တို့ဖြစ်သည်။

 

 

Gyeongbokgung နန်းတော်

ဆိုးလ်မြို့ရှိ  Gyeongbokgung နန်းတော် သို့ သွားရောက်လေ့လာခဲ့ရာတွင် လိုက်ပါလာ သော စကားပြန်မှ အဆိုပါနန်းတော်မှာ ဂျိုဆွန်း ခေတ်တွင် ပထမဆုံးတည်ဆောက်ခဲ့သော အကြီး ဆုံးနန်းတော်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဂျပန် တို့၏ ကျူးကျော်သိမ်းပိုက်မှုကြောင့် နန်းတော်၏ ချို့အစိတ်အပိုင်းများ ပျက်စီးသွားခဲ့သဖြင့် ကိုရီး ယားနိုင်ငံအစိုးရက နောင်မျိုးဆက်သစ်များ ကြည့်ရှု ခံစားလေ့လာနိုင်ရန် ပြန်လည်ပြုပြင်ခြင်းနှင့် ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုအခါ ကိုရီးယားအစိုးရက နန်းတော်ကြီးသို့ လာရောက် သော ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင် ရန်အတွက် အနီးနားရှိ ကိုရီးယားရိုးရာဝတ်စုံများ (Hanbok) ငှားရမ်းရောင်းချသောဆိုင်များသို့ ခရီးသွားများကိုယ်တိုင် သွားရောက်ငှားရမ်း ဝတ်ဆင်ကာ နန်းတော်ကြီးအတွင်း လှည့်လည် သွားရောက်ခြင်း၊ အမှတ်တရဓာတ်ပုံရိုက်ခြင်းနှင့် ကိုရီးယားရှေးစစ်သည်များပုံစံ သရုပ်ပြစစ်ချီတက် ခြင်းတို့ကို ကြည့်ရှုခံစားနိုင်ရန် စီစဉ်ထားကြောင်း၊ ဤသို့ပြုလုပ်ထားသဖြင့် နန်းတော်ကြီးသည် တိတ်ဆိတ်ငြိမ်သက်မနေဘဲ နေ့စဉ်ခရီးသွားများ ဖြင့် စည်ကားနေသော နေရာတစ်ခုဖြစ်ကြောင်း ရှင်းပြပါသည်။ စကားပြန်က ရှင်းပြနေစဉ်အတွင်း မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုဒေသများ ဖြစ်သည့် မန္တလေး၊ ပုဂံ၊ ပဲခူး၊ အင်းဝ၊ အမရပူရ၊ မြောက်ဦး စသည့် အမွေအနှစ်နေရာများတွင် ခရီးသွားဧည့်သည်များအတွက် အခြားသော ပိုမို စိတ်ဝင်စားစေမည့်၊ ခရီးသွားများအတွက် အမြဲ အမှတ်တရဖြစ်စေနိုင်သော အစီအစဉ်များ (ဥပမာ- နန်းတွင်းဝတ်စုံများ ငှားရမ်းဝတ်ဆင်ကာ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ နန်းတွင်းသူ နန်းတွင်း သားတို့၏ လူနေမှုပုံစံ သရုပ်ပြမှုများ၊ အက၊ အလှ၊ တေးသီချင်းများဖျော်ဖြေခြင်း) ဖြင့် နိုင်ငံ၏ ခရီး သွားပုံရိပ်ကိုသော်လည်းကောင်း၊ ဒေသခံများ အတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိစေနိုင်သည့် အစီအစဉ်များကိုသော်လည်းကောင်း ဖန်တီး ဖော်ဆောင်နိုင်လျှင် ကောင်းမည်ဟု အတွေးဝင်မိသည်။

 

ကိုရီးယား၏နည်းပညာခရီးသွားလုပ်ငန်း(Smart Tourism)

ကိုရီးယားနိုင်ငံသည် နည်းပညာဖွံ့ ဖြိုး တိုးတက်သည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ခရီး သွားလုပ်ငန်းတွင် ခရီးသွားများအား သတင်း အချက်အလက်ပေးရာတွင် လွယ်ကူမြန်ဆန် ချောမွေ့စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ အချိန်ကုန်၊ လူသက်သာစေရန်၊ ပြောင်းလဲလာသော ခေတ် စနစ်နှင့်အညီ နည်းပညာကိုအသုံးပြု၍ ဆိုးလ်မြို့ရှိ ခရီးစဉ်ဒေသများတွင် Smart Tourism ကို ဖော်ဆောင်လျက်ရှိသည်။ Smart Tourism ဖော်ဆောင်ရာတွင် ခရီးသွားဧည့်သည်များအတွက် “Visit Korea” Mobile Application နှင့် Website များ လွှင့်တင်ထားခြင်း၊ ဆိုးလ်၊ ဂျောင်း ဂျူးနှင့် အခြားသောခရီးသွားများသည့် နေရာများ အကြောင်း ရှင်းလင်းပြောပြသည့်“Smart Tour Guide” နှင့် “Mobile Audio Guide” စနစ်ထားရှိခြင်း၊ ခရီးသွား များသည့် နေရာများတွင် ခရီးသွားများကို သဘာဝအတိုင်းခံစားနိုင်မည့် Augmented Reality(AR) နှင့် Virtual Reality (VR) ပစ္စည်းများ အသုံးပြုခြင်း၊ IoT (Internet of Things) များ အသုံးပြုခြင်းအပြင် City Bus Tour ပြေးဆွဲဆောင်ရွက်ရာတွင် ရောက်သည့်နေရာတိုင်း၏ သမိုင်းကြောင်းကို ကိုရီးယား၊ တရုတ်၊ အင်္ဂလိပ် ဘာသာစကား သုံးမျိုးဖြင့် ရှင်းလင်းပြောပြသည့် Smart Tour စနစ်ဖြင့် ခရီးသွားဧည့်သည်များကို လွယ်ကူချောမွေ့စွာ ဝန်ဆောင်မှုပေးလျက်ရှိ သည်ကို တွေ့ရသည်။

 

တစ်ဦးချင်းလွတ်လပ်စွာသွားလာသော ခရီးသွားပုံစံ (FIT Tour)

၂၀၁၈ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည် ၁၅ သန်းကျော် ရောက်ရှိခဲ့ပါသည်။ ကိုရီးယား နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို လေ့လာပါက အများဆုံးလာရောက်သော နိုင်ငံများမှာ အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြပြီး အများ ဆုံးလာရောက်သော ခရီးသွားပုံစံမှာ တစ်ဦးချင်း လွတ်လပ်စွာသွားလာသော ခရီးသည်(FIT) များ ဖြစ်ကြသည်။ ဆိုးလ်မြို့ရှိ ခရီးသွားများသော နေရာများတွင် အဆိုပါ  FITခရီးသည်များကို တွေ့ မြင်နိုင်သည်။

 

ထို့ကြောင့် ကိုရီးယားအစိုးရက အဆိုပါ တစ်ဦးချင်းခရီးသွားများအတွက် ဈေးကွက် မြှင့်တင်ကြော်ငြာမှုအဖြစ် ပျော်ရွှင်ဖွယ် ခရီးစဉ်များရှာဖွေသူ၊ စွန့်စားခရီး သွားလာ လိုစိတ်ပြင်းပြသူ၊ စတိုင်ကျကျ ခရီးသွားသူ၊ ကိုယ်တိုင်စူးစမ်းရှာဖွေသူ၊ အပန်းဖြေခရီး ထွက်သူ၊ မိသားစုအဖွဲ့အစည်းနှင့် တွေ့ဆုံရန် လာရောက်သူ၊ အားလပ်ရက် ချိတ်ဆက်ဖန်တီး သူနှင့် အကောင်းစားဇိမ်ခံခရီးသွားခြင်းကို နှစ်သက်သူဟူသည့် ခရီးသွား အမျိုးအစား ရှစ်မျိုးခွဲ၍ သုတေသနပြုလုပ်ကာ တစ်ဦးချင်းစီ၏ ခရီးသွားပုံစံအကြိုက်အလိုက် ခရီးစဉ်ဒေသ များကို မြှင့်တင်ကြော်ငြာခြင်း၊ ၎င်းခရီးသွားများ အတွက် လိုအပ်သော သတင်းအချက်အလက် များပေးခြင်း၊ ခရီးသွားဝန်ဆောင်မှုပေးခြင်း၊ ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးစဉ် ဒေသသစ်များ ရှာဖွေဖော်ထုတ်ခြင်းများပြုလုပ် ကြသည်။ မြောင်ဒုံဈေးနှင့် နမ်ဒဲမွန်ဈေးကဲ့သို့ လူသွားများသောနေရာများတွင် FIT ခရီးသည် များ သွားရလွယ်ကူအဆင်ပြေစေရန် နေရာ များကို လမ်းòန်ပြောပြပေးသည့် Volunteer Guide များကို ခန့်အပ်ကာ ခရီးသွားများအား ဝန်ဆောင်မှုပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ယခုအခါ နိုင်ငံတွင်းသို့ Package Tour ခရီးသည်များ လာရောက်မှုများနေသော်လည်း နောင်တွင် FIT ခရီးသည်များ ပိုမိုဝင်ရောက် လာပါက ၎င်းတို့အတွက် ဦးတည်ကာ ဈေးကွက် ကြော်ငြာခြင်း၊ သတင်းအချက်အလက်များ ပြည့်စုံအောင် ဖြည့်ဆည်းပေးခြင်း၊ ခရီးသွား ဝန်ဆောင်မှုများ ပြည့်စုံစွာပေးနိုင်ရန် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားသင့်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)