ပုဂံ  ၂၅   မေ 

 

ASEAN Level ဟိုတယ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သင်တန်းသားများအား သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်းရှိ Bagan Hotel River View အစည်းအဝေးခန်းမတွင် မေ ၂၄ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် လူငယ်စီးပွားမြှင့်တင်ရေးစီမံချက် အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝိတ်မှ Plan International Myanmar အဖွဲ့၏ လုပ်ဆောင်ချက်များကို ရှင်းလင်းရာတွင် PIM အနေဖြင့် တိုင်းပြည်၏ အနာဂတ် ခေါင်းဆောင်လောင်းများဖြစ်သည့် ကလေးသူငယ်များ၏ အခွင့်အရေးနှင့် လူမှုစီးပွားဘဝ တိုးတက်ရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ လူငယ်စီးပွား ဖွံ့ဖြိုးရေးစီမံချက်ဖြင့် သင်တန်းများပို့ချလျက်ရှိရာ သင်တန်းအပတ်စဉ်ပေါင်း ရှစ်ခုကို အောင်မြင်စွာ လေ့ကျင့်သင်ကြား မွေးထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရာတွင် သင်တန်းဆင်းလူငယ်မောင်မယ်များအနေဖြင့် တတ်စွမ်းသလောက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် စီမံကိန်းဒါရိုက်တာ ဒေါ်လင်းလင်းအောင်က Plan International Myanmar မှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လူငယ်စီးပွားမြှင့်တင်ရေးစီမံချက်များနှင့် အနာဂတ် အစီအစဉ်များကို ရှင်းလင်းပြီး မန္တလေးဟိုတယ်နှင့် အသက်မွေးပညာသင်တန်းကျောင်း(MHVTi) အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်ကျော်ဆင့်မှ ဟိုတယ်လုပ်ငန်းဆိုင်ရာသင်တန်း ဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။

 

ဖေလိန်း(ပုဂံ)