ကန့်ဘလူ   ၂၅  မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၄၀) စက်မှုလယ်ယာစခန်း၌ ခရိုင်အတွင်းရှိ လယ်ယာသုံးစက်ကိရိယာများ ကိုင်တွယ်အသုံးပြုနေသော တောင်သူများအတွက် အကျိုးဖြစ်ထွန်းစေမည့် စက်ပြင်ရုံကို မတ်လက စတင်တည်ဆောက်ခဲ့ရာ ယနေ့ထိ ၃၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၁၀ဝ ကေဗွီ အေထရန်စဖော်မာ တစ်လုံးကိုလည်း တည်ဆောက်လျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

 

အဆိုပါလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် JICA, ODA Loan ရန်ပုံငွေကျပ် ၂၉၂ ဒသမ ဝဝ၂ သန်း ဖြင့် အလျား မီတာ ၃၀၊ အနံ ၁၆ မီတာ၊ အမြင့် ၇ ဒသမ ၅ မီတာရှိ အာရ်စီတစ်ထပ် အဆောက်အဦအား အောင်မြင်ဓနဖြိုးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်လျက်ရှိပြီး 11KV Power Line(120')(100 KVA) ထရန်စဖော်မာကို ရန်ပုံငွေ ကျပ် ၃ ဒသမ ၉၂၆ သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

" ဒေသတွင်း တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်၌ ကိုင်တွယ်အသုံးပြုနေသည့် လယ်ယာသုံးစက်ကိရိယာများကို ပြင်ဆင်ပေးနိုင်ရန် ရည်ရွယ်တည်ဆောက်ခြင်းဖြစ်ပြီး တောင်သူများအတွက်အကျိုးဖြစ်ထွန်းစေမယ့် စက်ပြင်ရုံတစ်ခုလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနရဲ့ ရည်မှန်းချက်နှစ်ရပ်ဖြင့် တောင်သူလယ်သမားများ၏ လိုအပ်ချက်များ၊ တွေ့ကြုံနေရသောအခက်အခဲများကို သိရှိအောင်ကြိုးပမ်းဆောင်ရွက်ပြီး ဝန်ထမ်းများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စိတ်ရင်းစေတနာမှန်ဖြင့် စေတနာထား ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ် " ဟုမြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးထွန်းထွန်းဝင်းကပြောသည်။

 

ကန့်ဘလူမြို့နယ်တွင် ဒေသခံပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် စီးပွားရေးကိုအဓိကလုပ်ကိုင်ကြပြီး ယင်းသို့ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ မိမိတို့မွေးမြူထားသော ကျွဲ၊ နွားတိရစ္ဆာန်များကို အသုံးပြု၍ ထွန်ယက်စိုက်ပျိုးခဲ့ကြရာမှ ယခုအခါ အချိန်ကုန်လူပင်ပန်းသက်သာပြီး လုပ်ငန်းတွင်ကျယ်စွာ လုပ်ကိုင်နိုင်သည့် စက်မှုလယ်ယာသုံး လယ်ထွန်စက်များ၊ ရိတ်သိမ်းခြွလှေ့ စက်များ၊ ကောက်စိုက်စက်များ ဝယ်ယူအသုံးပြုမှုများပြားလာခဲ့ခြင်းကြောင့် စက်ပြင်ရုံကိုတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ မောင်းနှင်ထိန်းသိမ်းခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများ တောင်သူများကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်နိုင်စေရန် ကန့်ဘလူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်းတွင် လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း ပညာရပ်များကို သင်တန်းများဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)