ယင်းမာပင်  ၂၅    မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် တောင်သူများ ပူးပေါင်းပါဝင်မှုဖြင့်  ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများ စိုက်ပျိုးထုတ်လုပ်သုံးစွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို  မေ၂၄ ရက် နံနက် ၈ နာရီခွဲမှ  မွန်းလွဲ  ၂ နာရီခွဲအထိ  သာယာအေးခန်းမ၌  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပကြောင်း သိရသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီ၊  ယင်းမာပင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲလင်းအောင်တို့က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍  ယင်းမာပင်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများ စိုက်ပျိုးထုတ်လုပ် သုံးစွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ဆီစက်လုပ်ငန်းလုပ်ကိုင်သူ တောင်သူ ဦးရန်အောင်က ဆီစက်လုပ်ငန်းလုပ်ကိုင်နေရမှုအခြေအနေ၊ ဆီထွက်သီးနှံ စိုက်ပျိုးမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


 
အလုပ်ရုံဆွေးနွေးပွဲ ဒုတိယပိုင်းအား ဆက်လက်ပြုလုပ်ရာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့က ဆီထွက်သီးနှံ စိုက်ပျိုးသူထုတ်လုပ်သူ၊ စားသုံးသူရေးရာများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောကြားသည်။ ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ   ဦးကျော်ဌေးနိုင်က ဆီးထွက်သီးနှံနှင့် ဆီကို အလွန်အကျူး စားသုံးခြင်းကြောင့် ဖြစ်ပွားရသောရောဂါများနှင့်ပတ်သက်၍ ကျန်မာရေးဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။ ယင်းနောက် ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းက GAP စနစ်ဖြင့် ထုတ်လုပ်နိုင်ရေးအကြောင်း ရှင်းလင်းဆွေးနွေးပြီး ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက (Aflatoxin) မှိုအကြောင်း သိကေင်းစရာများ ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍  စိုက်ပျိုးရေးကဏ္ဍအလိုက် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ၊ ကုန်သည်များ၊ ဆီစက် လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများပါဝင်သော အုပ်စု(၄)စုဖွဲကာ သက်ဆိုင်ရာကဏ္ဍအလိုက် ကြုံတွေ့နေရသော အခက်အခက်များအား စုပေါင်းဖြေရှင်းဆွေးနွေးကြပြီး ယင်းမာပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာချိုက ဆွေးနွေးမှုများအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။

 

သန်းဌေးအောင်(ကနီ)