မန္တလေး ၂၅ မေ
ဘုရားပိုင်မြေပေါ် အဆောက်အဦ ဆောက်လုပ်ပြီး ငှားရမ်းနေထိုင်သူများဖြစ်ကြောင်း ပြောကြညာပေး စေလိုမှုဖြင့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ဝင်သုံးဦးကို ခရိုင်တရားရုံးတွင် တရားစွဲဆိုထားကြောင်း အဆိုပါ ဂေါပက အဖွဲ့ထံမှ သိရသည်။
မဟာမုနိရုပ်ရှင်တော်မြတ်ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်း၊ အတွင်းရေးမှူး ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင် ဦးသန်းလွင်တို့ကို တရားမမှုဖြင့် မန္တလေးခရိုင် တရားရုံးတွင် တရားစွဲဆိုထားပြီး တရားရုံးမှ တရားမကြီးမှု အမှတ်-၃၅၁ ဖြင့် လက်ခံထားကာ ဇွန်(၄)ရက်တွင် သမ္မာန်စာဆင့်ခေါ်ထားကြောင်း သိရသည်။ မဟာမုနိရုပ်ရှင်တော်မြတ် ဈေးတိုက်ခန်းနေ ပြည့်စုံလက်ဖက်ရည်ဆိုင်က မန္တလေးခရိုင် တရားရုံး၌ တရားမမှုဖြင့် တရားစွဲဆိုထားသည့်အပေါ် ဂေါပကအဖွဲ့ က အခုလ ၂၄ ရက် က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
"တရားသူကြီး အဆုံးအဖြတ်ပေါ်မှာပဲ အမှန်တ ရားအတိုင်း လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်သွားမယ်လို့ အစည်းအဝေးမှာ ဆုံးဖြတ်ထားတယ်။ အခုချိန်မှာ ကျွန်တော်တို့က တရားပြိုင်ဖြစ်နေတော့ တရားရုံးမှာ သူတို့မေးသမျှဖြေရုံပါပဲ။ တရားရင်ဆိုင်ဖို့အသင့်ပါပဲ။ လုပ်ငန်းတိုင်းက ဆရာတော်ကြီးတွေရဲ့ သြဝါဒအတိုင်း ဆောင်ရွက်တာ။အခုကိစ္စလည်း သူတို့လေလံမအောင်လို့ ဖယ်ခိုင်းတာပါ။ ဖယ်ရှားပေးဖို့လည်း သုံးကြိမ်တိုင် စာထုတ်ခဲ့တယ်"ဟု ဂေါပကအဖွဲ့ အတွင်းရေးမှူးဦးကျော်ကျော်ဦးက ပြောကြားခဲ့သည်။
ပြည့်စုံ လက်ဖက်ရည်ဆိုင်နေရာသည် ၂၀၁၉ ခုနှစ်၊ မတ် ၃၁ ရက်တွင် စာချုပ်သက်တမ်းပြည့်ပြီးဖြစ်ကြောင်း ၊ ၂၀၁၇-၁၈ တွင်လည်း တင်ဒါဈေးပြိုင်ပေးမည့်သူ ပေါ်လာခဲ့သော်လည်း မူလငှားရမ်းခဲ့သူကို စာနာသောအားဖြင့် တစ်နှစ်ငှားရမ်းနေထိုင်ခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် တင်ဒါဝယ်ယူ ယှဉ်ပြိုင်ခြင်းမရှိခဲ့သည့် အတွက် ဖယ်ရှားခိုင်းခြင်းဖြစ်ကြောင်း သိရသည်။
မဟာမုနိရုပ်ရှင်တော်မြတ်တွင် တင်ဒါပေးသည့်နေရာ ၁၅ ခုရှိပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှင့် မှစတင်ကာ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်