ပင်လည်ဘူး ၂၅ မေ

 

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင် ပင်လည်ဘူးမြို့၌ မြို့နယ်သံဃာဆေးကုသဆောင်သစ် ရေစက်သွန်းချလှူဒါန်းခြင်းနှင့် ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေ ၂၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်က ပင်လည်ဘူးမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းနှင့် ရွှေကျောင်း ပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ရှေးဦးစွာ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ်သံဃာ ဆေးကုသဆောင်သစ်အား မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဝဏ္ဏိတဗုဒ္ဓိ၊ မှန်ကူသာကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးသုဇန၊  တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းလှိုင်၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်၊ သံဃာဆေးကုသဆောင်ဆောက်လုပ် ရေးကော်မတီဥက္ကဌဦးတင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကာ သံဃာတော်အရှင်သူမြတ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သံဃာဆေးကုသဆောင် ကမ္ဗည်း မော်ကွန်းစာအား အောင်သပြေအမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းပေးကြသည်။ ဆက်လက်၍ သံဃာ ဆေးကုသဆောင်သစ်အား အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍ တက်ရောက် လာကြသူများက ပရိတ် တရားတော်များကို နာယူခဲ့ကြသည်။ 

 

ထို့နောက် မြို့နယ်သံဃာဆေးကုသဆောင်သစ် ရေစက် သွန်းချ လှူဒါန်းခြင်းနှင့် ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ ဒုတိယပိုင်းအခမ်းအနားကို ရွှေကျောင်းပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူ၍ ပင့်သံဃာတော် များအားလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြသည်။ ဆက်လက်၍ မြို့နယ်သံဃာဆေးကုသဆောင် သစ် ရငွေ၊ သုံးငွေ စာရင်းများကို  မြို့နယ်သံဃာဆေးကုသ ဆောင် ဆောက်လုပ်ရေး ကော်မတီဥက္ကဌဦးတင်ဦးက ရှင်းလင်း ပြောကြားပြီး မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဝဏ္ဏိတဗုဒ္ဓိထံမှ သံဃာဆေးကုသဆောင် သစ်အား ရေစက်သွန်းချအမျှဝေ သာဓုခေါ်ဆိုခဲ့ကြသည်။

 

ယင်းနောက် မြို့နယ်သံဃာဆေးကုသဆောင်သစ်နှင့် ပတ်သက်သည့်စာရင်းဇယားများကို မြို့နယ်သံဃာဆေး ကုသဆောင် ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဦးက  ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ရာ မြို့နယ်ဆေး ကုရေးဦးစီးဌာနမှူး ဒေါက်တာကျော်နိုင်မှလက်ခံရယူသည်။ ဆက်လက်၍ မြို့နယ်သံဃာ ဆေးကုသဆောင်သစ် ဖြစ်မြောက်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းသော အလှူရှင်သံဃာတော်များနှင့်လူပုဂ္ဂိုလ်တို့အား သက်ဆိုင်ရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး ရုပ်သိမ်း ခဲ့ကြောင်း၊ အဆိုပါအဆောက်အအုံသစ်မှာ အလျား ၄၅ ပေ၊ အနံ ၃၇ ပေ၊ အမြင့် ၁၄ ပေရှိ သွပ်မိုး၊ တစ်ထပ်၊ သံကူကွန်ကရစ်  အမျိုးအစားဖြစ်ပြီး စုစုပေါင်း လှူဒါန်း ကုန်ကျငွေ ၄၄၅၁၇၉၅၉ ကျပ်ကုန်ကျခဲ့ကြောင်း သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)

 

222 DS