ဂန့်ဂေါ
ယမန်နေ့ နံနက် ၉ နာရီခွဲခန့်အချိန်က ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ၌ လေပြင်းတိုက်ခတ်သဖြင့် လူနေအိမ် ၃ လုံး သွပ်မိုးအမိုးလန်ပျက်စီးသွားသည်။ ထို့အတူ မေ ၂၃ ရက် နံနက် ၉ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်သဖြင့် အဆိုပါကျေးရွာတွင် လူနေအိမ်တစ်လုံး သွပ်မိုးလန် ပျက်စီးသွားပြီး နှမ်းခါးကျေးရွာအုပ်စု တော်ဝင်ရွာတွင် လူနေအိမ်တစ်လုံး သွပ်မိုးလန်ပျက်စီးခဲ့ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
ပေါင်းတည်
ပေါင်းတည်မြို့နယ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ညောင်ဇင်ကျေးရွာ၊ ရွာပုလဲအုပ်စုနှင့် အုန်းသုံးပင်ကျေးရွာ ဘုရားငါးဆူအုပ်စုတို့တွင် လူနေအိမ်(၃)လုံး အပြင် တမာပင်ကုန်း အ-မ-က ငါးတဲစုရွာမကြီးစမ်း အုပ်စုတွင် စာသင်ကျောင်းတစ်ကျောင်း အမိုးလန်ပျက်စီးမှု ကြောင့် သွပ်(၁၅၂)ချပ်ကျော် ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်း သိရသည်။
ရွှေတောင်
ရွှေတောင်မြို့နယ်အတွင်း မေ၂၄ ရက် ညနေ ၆ နာရီအချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ဘုန်းတော်ကြီးကျောင်းများ ပြိုကျ/ အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၆)အုပ်စုရှိ ကျေးရွာ(၁၃)ရွာတို့တွင် လူနေအိမ် (၁၁)လုံး ပြိုကျပျက်စီးခဲ့ပြီး လူနေအိမ် (၉၉) လုံး ဘုန်းတော်ကြီးကျောင်း(၂)ကျောင်း အမိုးလန်ပျက်စီးခဲ့ရာ အိမ်ထောင်စု(၁၁၀)စု လူဦးရေ (၃၉၆)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)
မိုးညို
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် မေ (၂၄) ရက် ညနေ ၅ နာရီခွဲအချိန် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၁၃)စု ကျေးရွာ(၂၆)ရွာတွင် နေအိမ်(၁)လုံးပြိုလဲခြင်း နေအိမ် အလုံး (၆၀)၊ အမိုးအကာလန်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းမှ စင်္ကြံန်နတ်လမ်း ပြိုလဲခြင်းတို့ ဖြစ်ပွားခဲ့သည်။ စုစုပေါင်း ဘေးသင့်အိမ်ထောင်စု (၆၁)စု၊ လူဦးရေ ကျား(၁၁၀)ဦး၊ မ(၁၂၀)ဦး တို့ရှိကြောင်း သိရသည်။
စန္ဒာလင်း(မိုးညို)
