ပြင်ဦးလွင် ၂၅ မေ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကန်တော်လေးရေကန် သန့်ရှင်းသာယာလှပစေရေးအတွက် ပြင်ဦးလွင် တပ်နယ်မှူး ဦးဆောင်သော စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှူရေးအသင်းအဖွဲ့များ၊ စည်ပင်ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၈၂၃) ဦးခန့်သည် ယနေ့နံနက် (၇) နာရီက ရေကန်အတွင်းနှင့် ရေကန်ဘောင်တစ်လျှောက် သန့်ရှင်းသာယာလှပရေး စုပေါင်းလုပ်အားပေးခဲ့ကြကြောင်း သိရသည်။
ပြင်ဦးလွင်မြို့သည် တောင်ပေါ်ဒေသတွင် မြို့တည်ထားခြင်းကြောင့် မြင့်ရာမှ နိမ့်ရာသို့ ရေများအစဉ်အမြဲ စီးဆင်းနေသောကြောင့် ရေဝပ်ခြင်း၊ ရေအိုင်ခြင်း၊ ရေမြုပ်ခြင်း မရှိသလောက် ရှားပါးရာဒေသဖြစ်ပြီး မြို့၏ အဓိကရေကန်ဖြစ်သည့် ကန်တော်ကြီးမှ စီးဆင်းလာသော ရေများသည် ကန်တော်လေးအတွင်းသို့ ထပ်မံရောက်ရှိခြင်းဖြစ်သဖြင့် ရေကန်အတွင်းရှိ အမှိုက်များ၊ နွံ့များအား ဖယ်ရှားရှင်းလင်းခြင်း၊ ရေကန်ဘောင် တစ်လျှောက်ရှိ အမှိုက်မျိုးစုံနှင့် ချုံ၊ နွယ်၊ မြက်ပင်များကို ရှင်းလင်းခြင်း၊ ရေးဆင်းမြောင်း ပိတ်ဆို့မှုများကို စုပေါင်းအင်အားဖြင့် သန့်ရှင်းဆောင်ရွက်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက် (ပြင်ဦးလွင်)