မုံရွာ ၂၅  မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး ကားလမ်းမပေါ်ရှိ နမ့်ပဂွန်ချောင်းတံတားနှင့် နမ့်စပိချောင်းတံတားတို့အား မေ (၂၆)ရက်တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါတံတားများကို တာဝန်ယူတည်ဆောက်ခဲ့သော တံတားအထူးအဖွဲ့(၂)မှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)  ဦးဇေယျာစိုး၏ ပြောကြားချက်အရ သိရသည်။

နမ့်ပဂွန်တံတားသည် သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး ကားလမ်းမရှိ မိုင်တိုင်အမှတ် (၂၅၈ မိုင်နှင့် ၂၅၉ မိုင်) ကြားတွင်တည်ရှိပြီး အရှည် (၇၀၈ ဒသမ ၆၉၆)ပေ အကျယ် (၃၀)ပေရှိ ကိုယ်ထည် သံကူကွန်ကရစ် ကမ်းကပ်ခုံ အပေါ်ထည် သံကူကွန်ကရစ်ယက်မ၊ တံတားခံနိုင်ဝန် (၆၀)တန်ဖြစ်ကာ တံတားအထူးအဖွဲ့ (၂) မှ ငွေကျပ် (၃၅၅၉ ဒသမ ၉၃) သန်းဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် စတင်ဆောက်လုပ်ခဲ့ရာ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ် ဧပြီလအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

 

mdn


အလားတူ သက္ကယ်ကျင်း- ဖောင်းပြင်- ဟုမ္မလင်း- ခန္တီး ကားလမ်းမရှိ မိုင်တိုင်အမှတ် (၂၅၃/၄နှင့် ၂၅၃/၅) ကြားတွင် တည်ရှိသော နမ့်စပိတံတားသည် အရှည် (၄၂၀) ပေ၊ အကျယ်(၃၀)ပေ ကိုယ်ထည် သံကူကွန်ကရစ် ကမ်းကပ်ခုံ အပေါ်ထည် သံကူကွန်ကရစ်ယက်မ၊ တံတားခံနိုင်ဝန် (၆၀) တန်ဖြစ်ပြီး  ငွေကျပ် (၁၀၅၀) သန်းဖြင့် တံတားအထူးအဖွဲ့ (၂)မှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စတင်တည်ဆောက်ခဲ့ရာ ယခုအခါတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါတံတား(၂)စင်းကို တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ချင်းတွင်းမြစ်အောက်ပိုင်း ဒေသများမှ အထက်ချင်းတွင်းဒေသ ခန္တီးမြို့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများသို့ ရာသီမရွေး ကုန်စည်စီးဆင်းမှုနှင့် သွားလာရေး လွယ်ကူချောမွေ့လာမည်ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)