နေပြည်တော် ၂၅ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းဉီးစီးဌာန၊ ခရိုင်နှင့် အထူးအဖွဲ့တို့မှ ရန်ကုန် - ပုသိမ် လမ်းမကြီးအား အပိုင်းလိုက်တာဝန်ယူ၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မိချောင်းတစ်ရာ - ဘဲဂရက်ကြီး ကျေးလက်လမ်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးလင်းထိုက်က မိချောင်းတစ်ရာ-ဘဲဂရက်ကြီးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီးပါကြောင်း၊ ကျေးလက်နေပြည်သူများ သွားလာရေးလွယ်ကူ အဆင်ပြေစေရန် ကျေးလက်လမ်း၊ တံတားများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု မိချောင်းတစ်ရာ- ဘဲဂရက်ကြီးလမ်းအား သတ်မှတ်ချိန်အတွင်း ပြီးစီးရေး အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ကတ္တရာလမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယခုဆောင်ရွက်နေသည့် မိကျောင်းတစ်ရာ - ဘဲဂရက်ကျေးလက်လမ်းသည် ရန်ကုန်-ပုသိမ် လမ်းမကြီးနှင့် ဆက်သွယ်ပြီး အရှည်(၂)မိုင်၊ လမ်းအကျယ်(၁၂)ပေရှိကာ အဆိုပါလမ်းပေါ်တွင် ၈ပေ x ၈ပေ Box Culvert (၃)စင်း၊ ၃ပေ x ၃ပေ Box Culvert (၄)စင်းပါရှိပြီး ကတ္တရာခင်းခြင်း လုပ်ငန်းအားလုံး ဇွန်လပထမပတ်တွင် ပြီးစီးရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် တံတားဦးစီးဌာန၊ တံတားအထူး အဖွဲ့(၁၆)မှ တာဝန်ယူတည်ဆောက်နေသော ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သစ်သစ်အောင်က ပုသိမ်ဘက်ကမ်းနှင့် စိန်ကုန်းဘက်ကမ်းတွင် ချဉ်းကပ်တံတား ဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ Pile Cap လုပ်ငန်းများဆောင်ရွက်နေမှု၊ ပင်မတံတားရေလယ် (RP-2) Bored Pile တူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် လုပ်ငန်းစီမံချက်တို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားပြီး ချဉ်းကပ်တံတား လုပ်ငန်းများနှင့် ရေလည်ဘိုးပိုင် လုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ပုသိမ်တံတားအမှတ်(၂)သည် ငဝန်မြစ်ကို ဖြတ်ကျော်ကာ ပုသိမ်မြို့တွင်းနှင့် ငဝန်မြစ် အနောက်ဘက်ကမ်း စိန်ကုန်းလူနေရပ်ကွက်များသို့ တိုက်ရိုက်ဆက်သွယ်ထားပြီး စုစုပေါင်းတံတား အရှည် (၂၃၈၀) ပေ၊ ယာဉ်သွားလမ်းအကျယ် (၂၈) ပေ၊ လူသွားလမ်းတစ်ဖက်လျင် (၅) ပေစီပါရှိသည်။ ရေလမ်းကင်းလွှတ်အကျယ် (၄၁၆) ပေ၊ အမြင့်(၆၀)ပေပါသည့် တံတားအမျိုးအစားမှာ သံမဏိ သံပေါင်ဂုံးတံတားဖြစ်ပြီး တံတား၏ခံနိုင်ဝန်မှာ H S 25 Load Class ဖြစ်သည်။
တံတားကြီးတည်ဆောက်ပြီးစီးသွားပါက ပုသိမ်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ငဝန်မြစ် အနောက်ဘက်ကမ်းမှ ဒေသခံပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမှာဖြစ်သလို ချောင်းသာ၊ ငွေဆောင်ကမ်းခြေအပါအဝင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ကမ်းခြေပတ်လမ်းများကို ချိတ်ဆက်သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်