mdn

နေပြည်တော် ၂၆ မေ

 

မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရန်အတွက် ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။ ထိုသို့ပြောင်းလဲရာ တွင် လမ်းရိုးလမ်းဟောင်းမှ ခေတ်စနစ်နှင့်အညီ လမ်းသစ်ကိုထွင်ပြီး လုပ်ကိုင်ကြရာ စိန်ခေါ်မှုများစွာ ကြုံတွေ့ကြရသည်။ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရာတွင် အစိုးရအဖွဲ့အစည်းများသာမက ပြည်သူ ပြည်သားများပါ လိုက်ပါ ပြောင်းလဲမှ အောင်မြင်မည်ဖြစ်သည်။

 

ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးသည် စနစ်တစ်ခုကို ပြောင်းလဲရာတွင် အဓိကအခရာ ကျသူများဖြစ်သည်။ ဌာနဆိုင်ရာ တို့အနေဖြင့်ကိုယ်တိုင်မပြုပြင်မပြောင်းလဲဘဲ အခြားသူတို့အား ပြုပြင်ပြောင်းလဲရန်လွယ်ကူမည်မဟုတ်ချေ။ ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ မေလ ၂၄ ရက်နေ့က တွေ့ဆုံလမ်းညွှန်မှာကြားခဲ့သည်။

 

“မိမိတို့တာဝန်ထမ်းဆောင်ရာတွင် အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်ကို အကောင်းဆုံး ဖန်တီးစေချင်ပါကြောင်း၊ မိမိတို့တာဝန်ယူသည့်ကာလတွင် ပြုပြင်ပြောင်းလဲပြီး ဒီမိုကရေစီမျိုးစေ့ကို ချသွားနိုင်မှနိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောပြီး နိုင်ငံသားများ ညီတူညီမျှအခွင့်အရေးရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ စားဝတ်နေရေး အခက်အခဲ၊ အကျပ်အတည်းရှိသည်ကို နားလည်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း များအနေဖြင့် မိမိအခက်အခဲအတွက် ပြည်သူ ပြည်သားများကို ဖိစီးခြင်း၊ နှိပ်စက်ခြင်း၊ အာဏာပါဝါပြခြင်း၊ လာဘ်ပေးလာဘ်ယူခြင်းများကိုမဖြစ်စေလိုပါကြောင်း” သတိပေးပြောကြားခဲ့သည်။

 

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ၏ ဆောင်ရွက်ချက်သည်နိုင်ငံ၊ အစိုးရကို ကိုယ်စားပြုဆောင်ရွက်သည်ဖြစ်၍ ဝန်ထမ်းကောင်းလျှင် နိုင်ငံကောင်းမည်၊ အစိုးရကောင်းမည်ဖြစ်သည်။ တစ်နည်းဆိုလျှင်ဝန်ထမ်းအနေဖြင့် အလုပ် တာဝန်များကို အကောင်းဆုံးဆောင်ရွက်နိုင်လျှင် အစိုးရပုံရိပ်၊ နိုင်ငံ့ပုံရိပ်ကောင်းမွန်မည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ဗဟိုဦးစီးစနစ်ကိုဖြေလျှော့ပြီး ဒီမိုကရေစီထွန်းကားရေး၊ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ထွန်းရေးကို ကြိုးပမ်း တည်ဆောက်နေသည်။ တိုင်းပြည်တာဝန်ထမ်းဆောင်ရာတွင် အနာဂတ်မျိုးဆက်များအတွက် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားရန်လိုအပ်သည်။ သမိုင်းပေး တာဝန်၊ နိုင်ငံတော်တာဝန်များကို ယခုလက်ရှိတာဝန်ထမ်းဆောင်နေကြသူများ မည်မျှစွမ်းဆောင် နိုင်ခဲ့သည်ကိုနောင်အနာဂတ် မျိုးဆက်များက အဆုံးအဖြတ်ပေးကြလိမ့် မည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်ပြီး တိုင်းရင်းသား လူမျိုးများအားလုံး ယုံယုံကြည်ကြည်ပါဝင်မှသာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်နိုင် မည်ဖြစ်၍ သက်ဆိုင်ရာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံသားများက တိုင်းရင်းသားပြည်သူ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ ချစ်ခြင်း၊ မုန်းခြင်းအပေါ် မူမတည်ဘဲ အပြန်အလှန်ထိန်း ကျောင်းခြင်း၊ ဖေးမကူညီမှုပေးခြင်းတို့ကို ပြုလုပ်ကြ ရမည်ဖြစ်သည်။ ယင်းသည် ဒီမိုကရေစီ၏အားသာချက်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားခဲ့သည့်အတိုင်း မိမိတို့အားလုံးက ပြုပြင်ပြောင်းလဲ ရေးအတွက် အတ္တကိုမကြည့်ဘဲ လုပ်ဆောင်ကြရမည်ဖြစ်သည်။ အတ္တကိုဗဟိုပြုပြီး လုပ်ဆောင် မည်ဆိုပါက ရည်မှန်းချက်ရောက်နိုင်မည်မဟုတ်ချေ။ ပရဟိတကိုဗဟိုပြုပြီး လုပ်ဆောင်မည်ဆိုပါက လုပ်ငန်းအောင်မြင်ပြီး နိုင်ငံ့တာဝန်ကို ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်သူများအဖြစ် အသိအမှတ် ပြုခံရမည်ဖြစ်ပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ လက်ရှိအချိန်မှစ၍ စိတ်အား ထက်သန်စွာဖြင့် ပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်ကို ယခုထက် တက်ညီလက်ညီ တိုးမြှင့်ဆောင်ရွက်ကြ ရန် တိုက်တွန်းအပ်ပါသည်။

 

ကြေးမုံ