တနင်္သာရီ ၂၆ မေ
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု တကူစံပြတိုက်နယ်ဆေးရုံ တာဝန်ခံ ဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည် ဦးဆောင်သော နယ်လှည့်ဆေးကုသ အသိပညာပေးအဖွဲ့သည် မေ ၂၅ ရက် နံနက် ၁ဝ နာရီက တနင်္သာရီမြို့နယ် သာရဘွင်ကျေးရွာအုပ်စု သိမ်ပြင်ကျေးရွာရှိ ကရင်တိုင်းရင်းသား မိသားစုဝင်များအား သိမ်ပြင်ကျေးရွာ ဆေးပေးခန်းအတွင်း၌ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့်အတူ အခမဲ့ကျန်းမာရေး စမ်းသပ်ကုသပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အသိပညာပေး ဟောပြောတွဲတွင် ဒေါက်တာဖြိုးမြင့်ကြည်က မိုးတွင်းကာလ ဖြစ်ပွားတတ်သည့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက် ဒေသခံမိသားစုဝင်တိုင်း ကြိုတင်သိထားသင့်သော ဆောင်ရန်/ရှောင်ရန်များကို ကြိုတင်သိရှိ ဆောင်ရွက်နိုင်ရန်နှင့် ခြင်ပေါက်ဖွားမှု မရှိစေရန် ဖုံး-သွန်-လဲ-စစ် ကျင့်စဉ်စံနစ်များကို အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် ရောဂါမျိုးစုံလူနာ (၁ဝ၁)ဦးတို့အား ကျန်းမာရေးစမ်းသပ်ပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်း-နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)
