၂၃ မေ
မြန်မာနိုင်ငံ၌ မြတ်နိုးတန်ဖိုးထားစရာ ယဉ်ကျေးမှုအမွေအနှစ်များစွာထဲက တစ်ခုဖြစ်သည့် ထုက္ကန်သိမ် ပုထိုးတော်ကြီးသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ တည်ရှိပြီး ရခိုင်ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ အေဒီ ၁၅၇၁ ခုနှစ် မြောက်ဦးခေတ်၏ (၁၇) ဆက်မြောက် မင်းဖလောင်းနှင့် မိဖုရားကြီး သျှင်လတ် တို့က တည်ထားကိုးကွယ်ခဲ့သည်။ ထုက္ကန်သိမ်သည် ရှေးရခိုင်တို့၏ ဂုဏ်ဆောင်ဗိသုကာ လက်ရာတစ်ခုဖြစ်သည်။
သျှစ်သောင်းဘုရား၏ အနောက်ဘက်အနီး ပေ ၃၀ ခန့်မြင့်သော တောင်ကုန်းငယ်ပေါ်တွင် ထုက္ကန်သိမ်ပုထိုးတော်ကြီး တည်ရှိသည်။ ထုက္ကန်သိမ် ပုထိုးတော်၏ ပုံသ္ဌာန်မှာ စတူပါစေတီပုံစံမျိုးဖြစ်သည်။ သိမ်တော်ကြီး၏ အလယ်စေတီကို အရန်စေတီလေးဆူက ရန်ထားပုံဖြစ်သည်။ ကျောက်ပြားခင်း၊ ကျောက်ပြားမိုး၊ ကျောက်သပ်စီ ပေါင်းခုံးစနစ်တို့ဖြင့် တည်ဆောက်ထားသည်။ တောင်ဘက်မှ မြောက်ဘက်သို့ ပေ ၁၉၀၊ အရှေ့မှ အနောက်သို့ ပေ ၂၀ဝ ခန့်ရှိပြီး ပုထိုးတော်၏ အမြင့်ပေ ၆၀ ရှိသည်။ ပုထိုးတော်အား လေးဖက်လေးတန်မှ တံတိုင်းများဖြင့် ကာရန်ထားရှိသည်။
ဂူဝင်လမ်းတစ်ခုတည်းသာရှိပြီး လက်ယာရစ် ခရုပတ်လိုဏ်ဂူလမ်းနှစ်ထပ်ရှိသည်။ လိုဏ်နံရံများ တွင် ဂူကျောင်းငယ် ၁၄၆ ကျောင်းရှိပြီး အောက်ခြေ လေးထောင့်ပုံဖြစ်ကာ အတွင်း၌ လိုဏ်ဂူပတ်လမ်း များနှင့် ရှေးက ရဟန်းတော်များ ပဝါရဏာပြုသော အခန်းကနေတစ်ဆင့် အဓိကအလယ်ဗဟို ဂန္ဓ ကုဋီတိုက်သို့ ရောက်ရှိသည်။
လိုဏ်ဂူပတ်လမ်းတစ်လျှောက် ဂူမုခ်ငယ် များရှိပြီး ဘုရားဆင်းတုတော်များကို ထုလုပ်ပူဇော် ထားသည်။ လိုဏ်ပတ်အဆုံးတွင် အာရုံခံအဆောင် နှင့် ဆင်းတုတော်ကြီး ကိန်းဝပ်သည်။ ပုထိုးတော် ကြီး၏ အနောက်ဘက်ထောင့်တွင်ကပ်လျက် ဥပုသ် ဆောင်ကို ထားရှိသည်။ ပုထိုးတော်ကြီး၏ အတွင်းဘက်၌ ဝင်္ကပါပုံစံကဲ့သို့ လိုဏ်ခေါင်းကြီး ငယ်များကို ပြုလုပ်ထားရှိပြီး လိုဏ်ခေါင်းအတွင်း ဘက်ရှိ နံရံများ၌ ရခိုင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ဆင်ယင်ထုံးဖွဲ့မှုတို့ကို သရုပ်ဖော်သည့် ရုပ်လုံး၊ ရုပ်ကြွများဖြင့် မွမ်းမံထားသည်။ ထို့ကြောင့် မြောက်ဦးမြို့ရှိ သျှစ်သောင်းဘုရား နှင့် ထုက္ကန်သိမ် တို့သည် ရှေးရခိုင်လူမျိုးတို့၏ ဝတ်စားဆင်ယင်ပုံ၊ အသုံးပြုကြသော တူရိယာ၊ ကကွက်၊ ကဟန် စသည်တို့ကို သုတေသနပြုလေ့လာရာတွင် များစွာ အထောက်အကူပြုပြီး တစ်နေရာတည်းတွင် လေ့လာနိုင်သည့် ယဉ်ကျေးမှုပြတိုက်ကြီးသဖွယ် ဖြစ်နေသည်။ ထုက္ကန်သိမ်ပုထိုးတော်ကြီးအပေါ်မှ ပတ်ဝန်းကျင်ကို မျှော်ကြည့်လိုက်ပါလျှင် အံတော် သိမ်ဘုရား၊ ရတနာမာန်အောင်ဘုရား၊ သျှစ်သောင်း ပုထိုးတော်ကြီး၊ ရတနာပုံစေတီတော်ကြီး၊ လေးမျက်နှာစသည့် ဘုရားများကိုလည်း ကုသိုလ်ယူ ဖူးမြော်နိုင်ပါသည်။
သင်္ကနြ်ပွဲတော်ပြီးနောက် မြောက်ဦးမြို့၌ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အံတော်သိမ်နှင့် မာန်ငါးပါး ဘုရားပွဲတော်ကို နှစ်စဉ် နှစ်တိုင်း စဉ်လာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပ နေကြ၍ မြောက်ဦးဒေသ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ တစ်ခေါက်တစ်ခါ ဘုရားဖူးလာရောက် ကြဖို့ သတင်းကောင်းပါးလိုက်ရပါသည်။
အောင်ကြည်မိုး(စစ်တွေ)