မချမ်းဘော့ ၂၆ မေ
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့၌ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းနှင့် မကူးစက်တတ်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီချို၊ သွေးချို၊ နှလုံးသွေးကြောကျဉ်း ရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာ အောင်နိုင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို လည်းကောင်း၊ မချမ်းဘော့မြို့နယ် ဆရာဝန် ဒေါက်တာ အောင်သိုက်ထွန်းက မကူးစက်တတ်သည့် ရောဂါများအကြောင်းကို power point အသုံးပြု၍ လည်းကောင်း ရှင်းလင်းဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်ဆရာဝန်ကြီး၊ မြို့နယ်ဆရာဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နောယော်ဘော် (ပူတာအို)
ဓာတ်ပုံ (ဂျူလိုင်နော)