မုံရွာ ၂၆ မေ
မုံရွာမြို့ ချင်းတွင်းတံတားအောက်တွင် ကုန်တင်ဖလက်သင်္ဘောအား ဖောင်ဆွဲမော်တော်မှ ဝင်တိုက်ခဲ့ရာ မော်တော်ပေါ်ပါသူ နှစ်ဦးအလောင်းရှာတွေ့ပြီး သုံးဦးပျောက်ဆုံးနေကြောင်း အလုံရဲကင်း စခန်းမှ သိရသည်။

ယာဉ်ပေါ်လိုက်ပါသူများ၏ ပြောပြချက်အရ ဖောင်ဆွဲမော်တော်ပေါ်တွင် ၁၁ ဦး လိုက်ပါလာခြင်းဖြစ်ပြီး ၆ ဦးလွတ်မြောက်လာသည်ဟု သိရသည်။

မေ ၂၆ နံနက်ပိုင်းက အထက်သို့ဆန်တက်နေသည့် ကုန်တင်ဖလက်သင်္ဘောအား သစ်ဖောင်ဆွဲသည့်မော်တော်က ချင်းတွင်းတံတား တိုင်အမှတ် P4 နှင့် P3 ကြားတွင် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒုရဲအုပ်မိုးမင်းထွန်းက ပြောသည်။
"နှစ်စီးစလုံး အထက်ဆန်တက်တာ။ ဖောင်ဆွဲမော်တော်က ဖလက်ကိုဝင်တိုက်ရင်း ခေါင်းထိုးဝင်ပြီး မှောက်သွားတာ။ မော်တော်မောင်းတဲ့ ဆလင်ရယ် သားအဖ သုံးယောက်ရယ် သေတယ်လို့ လောလောဆယ်သိရတယ်" ဟု ၎င်းအရာရှိက ဆက်ပြောသည်။
"နှစ်စင်းလုံးဆန်တက်ကြရင်း တိုက်မိတာ။ ကျွန်တော်တို့က အနောက်ဖျားမှာဆိုတော့ ခုန်ဆင်းလိုက်တာ"ဟု ဖောင်ဆွဲအမြန်ယာဉ်ပေါ်လိုက်ပါသူ ဦးမျိုးဝင်းကပြောသည်။
မော်တော်မောင်းသည့် အမျိုးသားအပါအဝင် အလောင်းနှစ်လောင်းကိုတော့ ဆယ်ယူရရှိပြီးဖြစ်ကာ ကျန်အလောင်းများမှာ မော်တော်ထဲတွင်ရှိနေသေးကြောင်းနှင့် လတ်တလောတွင် အမြန်ယာဉ်ကို ဆယ်ယူနေဆဲဖြစ်ကြောင်း သိရသည်။
ကိုမင်း(အင်းတော်)