ယင်းမာပင် ၂၆ မေ
၂၀၁၉ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို ခရိုင်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမ၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ် ကာကွယ်စို့၊ အပေါင်းအသင်းရွေးချယ်ပါ၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီး ငြှိမ်းသတ်စို့၊ နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှ တိုက်ဖျက်ပစ်၊ မျိုးဆက်သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှ ရှောင်ရှားစို့နှင့် ဦးစွာနားထောင်ပါ စသည့် ခေါင်းစဉ်များဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ယင်းမာပင် ခရိုင်အတွင်းရှိ ကနီမြို့နယ်၊ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ လာရောက်ယှဉ်ပြိုင်ကြပြီး အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား ကျောင်းသူ ၃၈ ဦး၊ ပိုစတာပြိုင်ပွဲတွင် ၉ ဦးနှင့် ကာတွန်းပြိုင်ပွဲတွင် ၁၆ ဦးနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲတွင် ၁ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၆၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သန်းဌေးအောင်(ကနီ)