တိုကျို ၂၇ မေ 

 

အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်က the Summer Grand ဆူမိုနပန်းအားကစားပြိုင်ပွဲတွင်  အနိုင်ရရှိသူနပန်းကစားသမားအား အမေရိကန်သမ္မတဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း        ယမန်နေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

ဂျပန်ဧကရာဇ်ဘုရင်သစ်၏ ထီးနန်းစိုးစံအခါ သမယ၌ ပထမဆုံးသော    နိုင်ငံတော်အကြီးအကဲဧည့်သည်တော်ဖြစ်သည့် သမ္မတ ထရန့်သည် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်  ချီဘာစီရင်စုရှိ  ဂေါက်ကွင်းတစ်ခု၌ ဂေါက်သီးရိုက်ကစားခဲ့ကြောင်း သိရသည်။

 

ထို့နောက် သမ္မတထရန့်နှင့် ဝန်ကြီးချုပ်အာဘေးတို့သည် မြို့တော်တိုကျိုရှိ the Ryogoku Kokugikan နပန်းကစားကွင်းသို့  ၎င်းတို့၏ဇနီးများနှင့်အတူ  သွားရောက်ခဲ့သည်။

 

သမ္မတထရန့်အတွက်  ယခုဆူမိုနပန်းကစားပွဲသို့ကြည့်ရှုအားပေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

 

ဆူမိုနပန်းအားကစားပြိုင်ပွဲခန်းမအတွင်းသို့ သမ္မတ ထရန့်ဝင်ရောက်လာစဉ် ခန်းမအတွင်းရှိ ပရိသတ်များက ၎င်းတို့၏  လက်ကိုင်ဖုန်းများကိုဖွင့်ကာ  ကြိုဆိုဂါရဝပြုခဲ့ကြသည်။  သမ္မတထရန့်ကလည်း  လက်ဝှေ့ယမ်းပြကာ ပြန်လည်နှုတ်ဆက်ခဲ့သည်။

 

သမ္မတထရန့်နှင့် ဝန်ကြီးချုပ်အာဘေးတို့သည် ဆူမိုနပန်းကစားပွဲ နောက်ဆုံးငါးပွဲကို ကြည့်ရှုခဲ့ကြသည်။

 


ထို့နောက် သမ္မတထရန့်က နောက်ဆုံးဗိုလ်လုပွဲတွင်အနိုင်ရရှိခဲ့သော ဆူမိုနပန်းကစားသမား အဆာနိုယာမာ အား      အမေရိကန်သမ္မတဖလားကို    ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အဆိုပါဖလားသည် အမြင့် ၁၃၇ စင်တီမီတာရှိပြီး  အလေးချိန်  ၃၀  ကီလိုဂရမ်ရှိကြောင်း သိရသည်။

 

ထို့နောက်      ခေါင်းဆောင်နှစ်ဦးနှင့်   ၎င်းတို့၏ ဇနီးများသည်  တိုကျိုမြို့ရှိ  ဂျပန်ရိုးရာစားသောက်ဆိုင်တစ်ခုတွင် ညစာသုံးဆောင်ခဲ့ကြသည်။

 

(၁၁)    ကြိမ်မြောက်    အမေရိကန်-ဂျပန်နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို  မေ ၂၇ ရက်တွင်   စတင်ကျင်းပ မည်ဖြစ်သည်။        

                     

 အင်န်အိတ်ချ်ကေ