ကိုလံဘို ၂၇ မေ
သီရိလင်္ကာနိုင်ငံအတွင်း၌ လူပေါင်း ၂၅၈ ဦးခန့် သေဆုံးခဲ့သော အီစတာအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီးနောက် အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသူများအား နိုင်ငံအတွင်း လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာ လေးရက်အတွင်း ၁၀ဝ နီးပါး ဖမ်းဆီးနိုင်ခဲ့ကြောင်း သီရိလင်္ကာစစ်ဘက်က ဆိုသည်။
မေ ၂၃ ရက်ကစပြီး မြို့တော်အတွင်းနှင့် အနီးဝန်းကျင်နေရာများတွင် တပ်ဖွဲ့ဝင် ၃၀ဝ၀ ခန့်ကိုတပ်ဖြန့်ထားရှိပြီး အခြားသောမြို့များတွင်လည်း အိုင်အက်စ်စစ်သွေးကြွအဖွဲ့နှင့် ပတ်သက်သူများအား လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ပထမသုံးရက်အတွင်း လုံခြုံရေးတပ်ဖွဲ့များက သင်္ကာမကင်းဖြစ်သူ ၈၇ ဦးအား ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အား စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန် ရဲတပ်ဖွဲ့လက်သို့ အပ်နှင်းခဲ့သည်ဟု စစ်ဘက်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယခုအချိန်တွင် ဖမ်းဆီးခံရသည့် သံသယရှိသူအရေ အတွက်မှာ ၁၀ဝ နီးပါးရှိခဲ့ပြီဖြစ်ကြောင်းနှင့် ၎င်းတို့အနက်အများစုမှာ မူးယစ်ဆေးဝါးများနှင့် တရားမဝင်လက်နက်များ လက်ဝယ်တွေ့ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
ချို့ဖမ်းဆီးခံရသူများမှာ အမျိုးသား Thowheeth Jamaath (NTJ) အဖွဲ့အတွက် အစ္စလာမ္မစ် အစွန်း ရောက်ဝါဒဖြန့်ဝေမှုတို့ကြောင့် ဖြစ်သည်။ အဆိုပါ အမျိုးသား Thowheeth Jamaath (NTJ) အဖွဲ့အား အီစတာအကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခြင်းအတွက် စွပ်စွဲပြစ်တင်လျက်ရှိသည်။
မြို့တော်ကိုလံဘိုအတွင်းရှိ နေရာအများအပြားကိုလည်း တပ်ဖွဲ့ဝင်များက ပစ်မှတ်ထားရှာဖွေစစ်ဆေးမှုများ ယနေ့ ပြုလုပ်ခဲ့ကြသည်။
ယခုကဲ့သို့ နိုင်ငံအတွင်း အစ္စလာမ္မစ် အစွန်းရောက်ခြိမ်းခြောက်မှုအန္တရာယ်များ ပြုလုပ်လာခြင်းကြောင့်သမ္မတ မိုင်သရီပါလာ သီရိသေနက အီစတာအကြမ်း ဖက်မှုပြီးနောက် အရေးပေါ်အခြေအနေအဖြစ် တစ်လ သတ်မှတ်ခဲ့ရာမှ ယခု ရက်ပေါင်း ၃၀ ခန့် ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
အရေးပေါ်အခြေအနေရက်များ တိုးမြှင့်သတ်မှတ်လိုက်ခြင်းသည် ပြည်သူများ၏ လုံခြုံရေးကို အလေးထား ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်ဟု သမ္မတ သီရိသေနက ဆိုသည်။
ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ကြသည့် သီရိလင်္ကာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင် ၇ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး အစ္စလာမ်ဘာသာဝင် ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။
အေအက်ဖ်ပီ