ကရာကတ် ၂၇ မေ 

ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုသည်   လာမည့်သီတင်းပတ်အတွင်း    အော်စလိုမြို့၌        သမ္မတနီကို လပ်မာဒူရို၏    အစိုးရအဖွဲ့မှ    ကိုယ်စားလှယ်များနှင့်  တွေ့ဆုံရန် ၄င်း၏ကိုယ်စားလှယ်များကို စေလွှတ်မည်ဟု ပြောသည်။ နော်ဝေနိုင်ငံမှ    ဦးဆောင်၍  ပြုလုပ်ပေးသည့်  ဆွေးနွေးပွဲတွင်  မာဒူရိုအစိုးရ၏ကိုယ်စားလှယ်များနှင့်  ဂျူအန်ဂွိုက်ဒို၏ ကိုယ်စားလှယ်တို့        ပထမဆုံးအကြိမ်အဖြစ်   မျက်နှာစုံညီ  တွေ့ဆုံကြမည်ဖြစ်သည်။

နော်ဝေအစိုးရနှင့်သာမက  နှစ်ဖက်စလုံးမှ ကိုယ်စားလှယ်ချင်းလည်း တွေ့ဆုံကြမည်ဟု ဂွိုက်ဒိုက ပြောသည်။ လွန်ခဲ့သည့် သီတင်းပတ်ကလည်း ဗင်နီဇွဲလားနိုင်ငံမှ    သမ္မတမာဒူရို  အစိုးရ  ကိုယ်စားလှယ်များနှင့် အတိုက်အခံဂျူအန်ဂွိုက်ဒိုဘက်မှ ကိုယ်စားလှယ်တို့သည် နော်ဝေနိုင်ငံသို့  သီးခြားစီ   ထွက်ခွာခဲ့ကြသည်။ မစ္စတာဂွိုက်ဒိုကို      အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံပေါင်း တစ်ဒါဇင်ခန့်က ကြားဖြတ်သမ္မတအဖြစ်  အသိအမှတ်ပြုထားသည်။

အတိုက်အခံဘက်မှ   ကိုယ်စားလှယ်များကို ပါလီမန်ဒုတိယဥက္ကဋ္ဌ စတာလင် ဂိုနယ်လစ်ဇ်နှင့် ဒုတိယလွှတ်တော်ဥက္ကဋ္ဌဟောင်း    ဂီရာဒိုတို့က  ဦးဆောင်ခဲ့ပြီး ၄င်းတို့နှစ်ဦးစလုံးသည်  နော်ဝေအစိုးရနှင့် ကနဦးဆွေးနွေးပွဲတွင်  ပါဝင်ခဲ့ကြသည်။ ဗင်နီဇွဲလားဆက်သွယ်ရေးဝန်ကြီး ဂျော်ဂျီ ရိုဒရိဂုစ်နှင့်  မီရန်ဒရာပြည်နယ်အုပ်ချုပ်ရေးမှူး ဟတ်တာရိုဒရီဂုစ်တို့သည် ဗင်နီဇွဲလားသမ္မတ မာဒူရိုဘက်မှ ကိုယ်စားလှယ် အဖြစ် တက်ရောက်ကြမည်ဖြစ်သည်။

သို့သော်        လာမည့်သီတင်းပတ် ဆွေးနွေးပွဲတွင် ၄င်းတို့နှစ်ဦးစလုံး  ပါဝင်  ခြင်း  ရှိ မရှိကိုမူ မသိရသေးပေ။ သမ္မတ မာဒူရိုဘက်မှ ကိုယ်စားလှယ်များနှင့် ပတ်သက်၍      ပြောကြားရာတွင်    ဂွိုက်ဒိုက  သတိထားပြောကြားခဲ့သည်။    နော်ဝေနိုင်ငံ၌  အစောပိုင်းပြုလုပ်ခဲ့သည့် ဆွေးနွေးမှုတွင်  ဆွေးနွေးညှိနှိုင်းမှုများ  မရှိခဲ့ကြောင်း၊ နော်ဝေနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုသည် သမ္မတမာဒူရို  ဖယ်ရှားပေးရေး၊        ရွေးကောက်ပွဲအသစ်အတွက် ရက်သတ်မှတ်ပေးရေးတို့        ပါဝင်သင့်ကြောင်း  ဂွိုက်ဒိုက ပြောသည်။     

အေအက်ဖ်ပီ