ရေစကြို ၂၇ မေ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ကွေ့ထောင့်ကျေးရွာအုပ်စု ကွေ့ထောင့်ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ယနေ့ နံနက်ပိုင်းမှစတင်ကာ သာသနာ့ဝေပုလ္လကျောင်းဆောင်ကြီးနှင့် သိမ်ကျောင်းဆောင်အား ကျေးရွာသူကျေးရွာသားများမှ အရေးပေါ်ရွှေ့ပြောင်းပေးနေရကြောင်း သိရသည်။

အဆိုပါ ကွေ့ထောင့်ကျေးရွာတွင် ဧရာဝတီမြစ်ရေ မြစ်ကမ်းပါးတိုက်စားမှုကြောင့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး မြစ်ကမ်းပါး ရေတိုက်စားကာ စတင်ပြိုကျလာခဲ့ပြီး ယနေ့အချိန်ထိ အိမ်ထောင်စုပေါင်း ၅၀ ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း ကျေးရွာတာဝန်ခံဥက္ကဌ ဦးငွေသောင်းကပြောပြသည်။

ယခုအရေးပေါ် ရွှေ့ပြောင်းနေသည့် သိမ်ကျောင်းဆောင်သည် ၃ပင်ပတ်လည် အုတ်ခံ၊ ပျဉ်ကာ၊ သွပ်မိုး သိမ်ကျောင်းဆောင်တစ်ဆောင်၊(၉ ပေx၆ ပေ)ဝေပုလ္လကျောင်းဆောင်ကြီးနှင့် (၅ ပေx ၄ ပေ) ကျောင်းဆောင် တစ်ဆောင်တို့အား ကျောင်းထိုင်ဆရာတော် ဦးသောဘိတ ဦးဆောင်ကာ ကွေ့ထောင့်ကျေးရွာသူ ကျေးရွာ သားများမှ ရွှေ့ပြောင်းနေကြောင်း ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းသည် (၃)ပေခွဲ တိုင်ပေါင်း (၅၄)တိုင်ဖြင့် တည်ဆောက်ထားသည့် ကျောင်းဖြစ်ကြောင်း သိရပြီး ထိုကျောင်းကြီးအောက်တွင် ရတနာပြေငြိမ်း လောင်းလှေကြီး(၆၃)ပေရှိ တစ်စီးလည်း ထားဖို့နေရာအခက်အခဲဖြစ်နေကြောင်း၊ ယခုကျောင်းဆောင်ကြီး ဖျက်သိမ်းကာ စုပုံထားရမည်ဖြစ်ကြောင်း၊ ကျောင်းဆောက်ရန် မြေနေရာရရှိမှသာ ပြန်လည်ဆောက်လုပ်ရမည်ဖြစ်ကြောင်း ဝေပုလ္လကျောင်းတိုက်ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

ကွေ့ထောင့်ကျေးရွာသည် မြစ်ကမ်းပါးပြိုကျမှုကြောင့် (၆)ကြိမ်မြောက်ရွေ့ပြောင်းရသည့် ကျေးရွာဖြစ်ကာ ဝေပုလ္လကျောင်းတော်ကြီးသည်လည်း သုံးကြိမ်မြောက်ရွှေ့ပြောင်းခဲ့ရကြောင်း ကျောင်းမြေနေရာ မရရှိခြင်းကြောင့် သုံးကြိမ်ပုံထားရကြောင်းသိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)