ကန်ကြီးထောင့်   မေ  ၂၇

အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဆောင်ရွက်နိုင်ရေး  စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်မြင့်နှင့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်ကွက်/ကျေးရွာ သန့်ရှင်းသာယာလှပရေး အထောက်အကူပြအဖွဲ့များ တွေ့ဆုံပွဲအခမ်းအနားကို မေလ ၂၆ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

တွေ့ဆုံပွဲတွင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အမှိုက် ကင်းစင်ရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ လျော့နည်းလာစေရေးနှင့် သန့်ရှင်းသာယာလှပလာစေရေး တို့အတွက် "အများပြည်သူပူးပေါင်းပါဝင်သောအမှိုက်သိမ်းစနစ်"ဆောင်ရွက်ရန် အခုလို တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အမှိုက်သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဘက်ဟိုးတစ်စီးနှင့် အမှိုက်သိမ်းကားတစ်စီး ချထားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဒေသခံပြည်သူများသွားလာရေးအဆင်ပြေချောမွေ့စေရေးအတွက် အရှည် ၃၅၄၅ ပေ အကျယ် ၁၈ ပေ အမြင့်ထု ၈ လက်မရှိ မြို့လယ်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ယခုဘဏ္ဍာနှစ်အတွင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဖုန်းလွင် နှင့် မြို့နယ်အမှုဆောင်အရာရှိ ဦးဌေးလွင်တို့မှ စည်ပင်သာယာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်ကောက်ခံခြင်းဆိုင်ရာများ၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုလျော့ချရေးဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ကဏ္ဍအလိုက် လျာထားသော လုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌတို့မှ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းလာစေရေးနှင့် စည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများ ရှိလာစေရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် "အများပြည်သူ ပူးပေါင်းပါဝင်သည့် အမှိုက်သိမ်းစနစ်" ကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာသန့်/ထောက်/ကူအဖွဲ့များမှပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ရပ်ကွက်/ကျေးရွာသန့်ရှင်းသာယာလှပရေး အထောက်အကူပြုအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောလမ်းပိုင်းဆိုင်ရာများနှင့် ရေစီးရေလာကောင်းမွန်ရေးများကိုလည်းကောင်း၊အမှိုက်သိမ်းခြင်း၊အမှိုက်စွန့်ပစ်ခြင်းများနှင့် ပက်သက်၍ကြုံတွေ့နေရသောအခက်အခဲများကိုလည်းကောင်း တင်ပြဆွေးနွေးရာ တာဝန်ရှိသူများက တင်ပြဆွေးနွေးမှုများအပေါ် ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

နန်းထိုက် (KGD)