ညောင်ဦး ၂၇ မေ      

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်၌ ယခု ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ၄၂ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် ညောင်ဦးမြို့နယ်အတွင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့် အခြေခံပညာကျောင်း ၄၂ ကျောင်းတွင် အထက ကျောင်း တစ်ကျောင်း ၊ အထကခွဲကျောင်း ၂၀ ၊ အလက ကျောင်း ၁၁  ကျောင်း ၊ အလကခွဲကျောင်း ၈ ကျောင်း ၊ မူလွန်ကျောင်း တစ်ကျောင်း ၊ အမကခွဲကျောင်း တစ်ကျောင်း ၊ စုစုပေါင်း ၄၂ ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း ညောင်ဦးမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဌေး ထံမှ သိရသည်။ 

ထို့အပြင် ညောင်ဦးခရိုင်အတွင်း ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိသည့်ကျောင်းစာရင်းများအနေဖြင့် အထကကျောင်း နှစ်ကျောင်း ၊ အထကခွဲကျောင်း ၄၀ ၊ အလကကျောင်း ၁၉ ကျောင်း ၊ အလကခွဲကျောင်း ၁၈ ကျောင်း ၊ မူလွန်ကျောင်း ၉ ကျောင်း ၊ အမကကျောင်း တစ်ကျောင်း ၊ အမကခွဲ ကျောင်း တစ်ကျောင်းတို့ အသီးသီး အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ 

ယခု ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ် သတ်မှတ်ကာ ကျောင်းအပ် လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း တာဝန်ကျ ဆရာ၊ ဆရာမ များမှ ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းအပ်လက်ခံရာတွင် ကျောင်းသားကျောင်းသူများကို အခြေခံပညာဦးစီးဌာနမှ ထောက်ပံ့သည့် အတန်းလိုက် ပုံနှိပ်ပြဌာန်းစာအုပ်နှင့် ကျောင်းသုံး ဗလာစာအုပ်များကို တစ်ပါတည်း အခမဲ့ထောက်ပံ့ပေးကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ဌေး က ပြောပြ၍ သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)