ညောင်ဦး ၂၇ မေ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တက်မကျေးရွာအုပ်စု သပွတ်စုကျေးရွာရှိ ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မေတ္တာပန်းဥယျာဉ် Online Group မှ တူးဖော်လှူဒါန်းသည့် လေးလက်မအဝီစိစက်ရေတွင်းဖွင့်ပွဲ အခမ်းအနားကို မေ ၂၆ ရက် နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ တူးဖော်ပြီးစီးသည့် အဝီစိစက်ရေတွင်းအနီး ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ တူးဖော်ပြီးစီးသည့် လေးလက်မအဝီစိ စက်ရေတွင်းဖွင့်ပွဲဆိုင်းဘုတ်အား ညောင်ဦးမြို့နယ် မဲဆန္ဒနယ်မြေ(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ စက်ရေတွင်းအလှူရှင် မေတ္တာပန်းဥယျာဉ် Online Group မှ အဖွဲ့ခေါင်းဆောင် ဒေါ်ကြည်ကြည်စိုး၊ ဒေါ်ရီရီလှိုင်ဝင်း၊ ဦးအောင်မျိုးနှင့် ရပ်မိရပ်ဖ ဦးအေးရွှေ တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို ယာယီမဏ္ဍပ်တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်း တို့က အဖွင့်အမှာစကား ပြောကြားပြီး၊ စက်ရေတွင်းအလှူရှင် မေတ္တာပန်းဥယျာဉ် Online Group မှ အဖွဲ့ခေါင်းဆောင် ဒေါ်ကြည်ကြည်စိုး က စက်ရေတွင်းလှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ယင်းနောက် သပွတ်စုကျေးရွာဒေသခံပြည်သူများကိုယ်စား ရပ်မိရပ်ဖ ဦးအေးရွှေ က ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် အဝီစိစက်ရေတွင်း လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တာဝန်ရှိသူများက အလှူရှင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် အဝီစိစက်ရေတွင်းနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စက်ရေတွင်းအလှူရှင် မေတ္တာပန်းဥယျာဉ် Online Group မှ အဖွဲ့ခေါင်းဆောင် ဒေါ်ကြည်ကြည်စိုးနှင့် အဖွဲ့ဝင်များ၊ ဒေသခံရပ်မိရပ်ဖများက ဆရာတော်ကြီးများကို ပင့်ဖိတ်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တက်မကျေးရွာအုပ်စု၊ သပွတ်စုကျေးရွာသည် အိမ်ခြေ ၁၁၃ အိမ်၊ လူဦးရေ ၅၃၆ ဦးရှိကာ ဒေသခံပြည်သူများမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ကျေးရွာတွင် အဝီစိစက်ရေတွင်း မရှိသည့်အတွက် နှစ်စဉ် သောက်သုံးရေရှားပါးမှုအခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသဖြင့် ယခုနှစ်တွင် မေတ္တာပန်းဥယျာဉ် Online Group မှ ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် လေးလက်မအဝီစိစက်ရေတွင်းနှင့် ဆက်စပ်ပစ္စည်းများကို လာရောက်တူးဖော်လှူဒါန်းပေးခဲ့သဖြင့် ဒေသခံပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲခွင့်ရရှိစေသည့်အပြင် ဒေသ၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက် များစွာအထောက် အကူပြုပေးနိုင်မည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ရှိန် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)